တပ်မတော်မှ အာဏာသိမ်းပြီးနောက် စစ်တပ်အစိုးရ လက်အောက်ရှိ အလုပ်တာဝန်များကို တာဝန်ယူ လုပ်ကိုင်ခြင်း မရှိဘဲ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကို ထောက်ခံတဲ့ အနေနဲ့ ဆေးလောကသားများ၊ အစိုးရဝန်ထမ်းများ၊ ပြည်သူများနှင့်အတူ ပါဝင် ရပ်တည်ကြောင်း အနုပညာရှင်များက သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာများမှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။
သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ၊ စာပေလောကသားများဟာ အစိုးရဝန်ထမ်း မဟုတ်သော်လည်း ပြည်သူထဲမှ ပြည်သူများ ဖြစ်တာကြောင့် Civil Disobedience ကမ်ပိန်း ပြုလုပ်ကာ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။
“ကျနော်သည် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ တဦး ဖြစ်ပါသည်။ ကျနော်သည် အစိုးရဝန်ထမ်း မဟုတ်သော်လည်း ယခု Civil Disobedience လုပ်ကြသော ပြည်သူ့ဝန်ထမ်း၊ ဆရာဝန်၊ ဆရာမများနှင့်အတူ ရပ်တည်သွားသည့်အနေဖြင့် အာဏာသိမ်းမှုကို လက်ခံအားပေးသော ထုတ်လုပ်ရေး၊ မည်သည့် အနုပညာရှင်နှင့်မျှ အလုပ် မလုပ်ပါ”လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။
ဝန်းရံသူများထဲမှာ နာမည်ကြီး သရုပ်ဆောင်၊ ဒါရိုက်တာ၊ အဆိုတော်များ ပါဝင်ခဲ့ကြသလို Civil Disobedience ကမ်ပိန်းဟာ ပြည်သူကို နစ်နာစေဖို့ မဟုတ်ဘူးလို့ သရုပ်ဆောင် ဒေါင်းက ဆိုပါတယ်။
“ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် အခုလက်ရှိ လုပ်ဆောင်မယ့် Civil Disobedience ကမ်ပိန်းဟာ ပြည်သူကို နစ်နာစေဖို့ မဟုတ်ပါဘူး ခင်ဗျာ။ တရားမျှတပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ စနစ်ကို ပြန်လည် ရယူလိုခြင်းအတွက် ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ အသက် အန္တရာယ်နဲ့ကျန်းမာရေး ကာကွယ်စောင့်ရှောက်မူ တာဝန်တွေအတွက် Back up plan တွေ ထားပြီး ပြည်သူတွေ နစ်နာမှု မရှိစေဖို့ ကျန်းမာရေး ဝန်ထမ်းများအားလုံး တိုင်ပင် ဆွေးနွေး နေကြပါတယ်”
“ထိုနည်း၎င်း ပြည်သူများရဲ့အခြေခံ လိုအပ်ချက်အလုပ်များကို အသီးသီး တာဝန်ယူထားကြတဲ့ ပြည်သူ့ ဝန်ထမ်းများအားလုံးဟာ ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ဖို့ ဆွေနွေးနေကြမှာပါ။ ကျန်းမာရေး ဝန်ထမ်းများ၊ အခြားပြည်သူ့ ဝန်ထမ်းများအတူ၊ ကျနော်တို့ ပြည်သူတွေ ယုံကြည် စိတ်ချစွာ ပူးပေါင်း ရပ်တည်ကြရအောင်။ ပြည်သူ့အာဏာဖြင့် ပြည်သူ့ ဝန်ထမ်းများအတွက် ကျနော်တို့ဝိုင်းဝန်း ရပ်တည်ကြမယ်”လို့ ဒေါင်းက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
အဆိုပါ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကို မြန်မာနိုင်ငံမှ နိုင်ငံကျော် အနုပညာရှင်များ ဖြစ်ကြတဲ့ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ နေတိုး၊ ကျော်ကျော်ဗို၊ အလင်းရောင်၊ ဒေါင်း၊ ညီထွဋ်ခေါင်၊ ဒါရိုက်တာ ဝိုင်း၊ တင်ဆက်သူ မောင်မောင်အေး၊ အဆိုတော် Rဇာနည်၊ လင်းလင်း၊ ရဲရင့်အောင်၊ G Fatt စတဲ့သူများ ပါဝင်ထားကြပါတယ်။
ဒါ့အပြင် နိုင်ငံကျော် အမျိုးသမီး အနုပညာရှင်များဖြစ်ကြတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်၊ မို့မို့မြင့်အောင်၊ အေးမြတ်သူ၊ ပိုင်ဖြိုးသု၊ ရွှေမှုံရတီ၊ သင်ဇာဝင့်ကျော်၊ နန်းဆုရတီစိုး၊ စိုးပြည့်သဇင်၊ မေမြင့်မိုရ်၊ ဝင့်ယမုံနိုင်၊ ခင်ဝင့်ဝါ၊ နန်းခင်ဇေယျာ၊ နီနီခင်ဇော်၊ ပန်းရောင်ခြယ်၊ Mary နဲ့ အခြားသော အနုပညာရှင်များစွာလည်း ပါဝင်နေကြတာ တွေ့ရပါတယ်။
You may also like these stories:
မြန်မာနိုင်ငံအတွက် ဆုတောင်းစကား ဆိုကြတဲ့ နိုင်ငံတကာ အနုပညာရှင်များ
“အာဏာသိမ်းမှုကို လက်မခံဘူး”ဆိုတဲ့ အဆိုတော် ချမ်းချမ်းနှင့် အင်တာဗျူး
အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြတဲ့ အနုပညာရှင်များ