“ကျနော်ကတော့ နိုင်ငံရေးတခါမှ ဝင်မပြောဖူးပါဘူး။ ဒါပထမဦးဆုံး ပြောမိတာပါ။ စီးပွားရေးလုပ်တဲ့သူ တယောက်အနေနဲ့ အသိုင်းအဝိုင်းမျိုးစုံ၊ နယ်ပယ်ဒေသမျိုးစုံ၊ အနုပညာရှင်မျိုးစုံနဲ့ အလုပ် တွဲလုပ်ခဲ့ဖူးပါတယ်။ တခါမှ နိုင်ငံရေး မဆွေးနွေးခဲ့ဖူးသလို ဝင်လည်း မပတ်သတ်ခဲ့ဖူးပါဘူး။ လက်ရှိ အခြေအနေမှာတော့ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေများ အားလုံး ဝမ်းနည်းနေရတဲ့အချိန် ဖြစ်သလို ကျနော်လည်း ထပ်တူ ဝမ်းနည်းမိပါတယ်”
“ကျနော် အပါအဝင် စီးပွားရေးများများ ဦးဆောင်သူ၊ နည်းနည်း လုပ်ဆောင်သူ အားလုံး ကိုဗစ်ကာလမှာ သူ့အတိုင်းအတာနဲ့ အလျောက် ခက်ခဲစွာ ရုန်းကန်နေခဲ့ရပါတယ်။ ကိုဗစ်ကြောင့် ပုံမှန်အတိုင်းလည်ပတ်ဖို့ မနည်းကြိုးစားနေရချိန်မှာ လက်ရှိကာလအချိန်က စီးပွားရေးလုပ်ကြသူတိုင်း တော်တော်ခေါင်းထူနိုင်ဖို့ အားတော်တော် လျော့ခဲ့ရပါပြီ” လို့ ကိုဝေမင်းမောင်က ပြောပါတယ်။
ဆယ်စုနှစ် တစုကျော်ကြာ ရပ်တည်လာခဲ့တဲ့ Myanmar Media 7 မီဒီယာကုမ္ပဏီဟာ ကိုဝေမင်းမောင်နဲ့အတူ ကိုနိုင်ဖြိုးကျော်တို့ သူငယ်ချင်း နှစ်ဦးတို့က ကြိုးစား ရပ်တည်ခဲ့ကြတာလို့ သိရပါတယ်။

“ဆက်လက် ပြောပြချင်တာကတော့ ဆယ်စုနှစ် တစုကျော်ကြာ ရပ်တည်ခဲ့တဲ့ Myanmar Media 7 မီဒီယာကုမ္ပဏီသည် ကျနော်နဲ့ ကိုနိုင်ဖြိုးကျော် သူငယ်ချင်း နှစ်ယောက် ကြိုးစားစတင်ခဲ့သည်ကို အနုပညာလောကနှင့် မီဒီယာလောက အားလုံးမှ သိကြမည်လို့တော့ ထင်ပါတယ်” လို့ ပြောပါတယ်။
၎င်းတို့ ကုမ္ပဏီအနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သည်များကို မဖော်ပြခဲ့ဖူးဘဲ ဖျော်ဖြေရေး သက်သက်ကိုသာ ရိုက်ကူးတင်ဆက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်သည် အခုချိန်ထိ ဘယ်အလုပ်ပဲလုပ်လုပ် ဖုံးဖိလုပ်တတ်သူ မဟုတ်ပါ။ ဘယ်သူနဲ့ ပူးပေါင်းလုပ်တယ် ဘယ်လိုလုပ်တယ်ကအစ၊ ဘယ်မီဒီယာမှ မေးမေး အမှန်အတိုင်း ပြည့်ပြည့်စုံစုံ ဖြေကြားသူဆိုတာ နာမည်ကြီး မီဒီယာတခုမှာ ဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါးမှာ ကိုယ်တိုင်ကိုယ်ကျ ဖြေကြားခဲ့တာကို တွေ့ရမှာပါ။ Myanmar Media 7 နှင့် ကျနော်တို့ ဦးဆောင်တဲ့ Media လုပ်ငန်းတိုင်း တခါမှ နိုင်ငံရေးနှင့်ပတ်သတ်ပြီး မဖော်ပြဖူးသလို ဖျော်ဖြေရေးသက်သက်ကိုသာ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်”
“အဲဒါကြောင့်လည်း နိုင်ငံရေးခံယူချက် ပြင်းထန်သည့် အနုပညာရှင် သူငယ်ချင်း တော်တော်များများနှင့်လည်း စိတ်ရှင်းရှင်းဖြင့် အလုပ်လုပ်နိုင်၊ အနုပညာအလုပ်များစွာ ဖန်တီးနိုင်ခဲ့တာပါ။ ကောင်းမွန်တဲ့ မိတ်ဆွေ သူငယ်ချင်း ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ခဲ့ပါတယ်” လို့ ကိုဝေမင်းမောင်က ပြောပါတယ်။
လက်ရှိ အခြေအနေအရ သူ့အနေနဲ့လည်း ဒီမိုကရေစီ စနစ်ဖြင့် တိုင်းပြည် အေးချမ်းသာသာ ဖွံ့ဖြိုးတိုးတက်သာကိုသာ လိုလားကြောင်း သိရပါတယ်။
“အခုအချိန်မှာ ကျနော့် ပတ်ဝန်းကျင်၊ မိတ်ဆွေ သူငယ်ချင်းအားလုံး တက်ညီလက်ညီ စည်းစည်းလုံးလုံး ပါဝင်ပေးနေကြတဲ့အတိုင်း စိတ်ဆန္ဒ ထပ်တူကျပါတယ်။ ဒီမိုကရေစီ စနစ်ဖြင့် တိုင်းပြည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည်ကိုသာ အမှန်တကယ် လိုလားပါတယ်” လို့ ကိုဝေမင်းမောင်က ပြောထားပါတယ်။
You may also like these stories:
Civil Disobedience ကမ်ပိန်းမှာ ပြည်သူများနဲ့အတူ အနုပညာရှင်များ ပါဝင်လာ
အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြတဲ့ အနုပညာရှင်များ