မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်အပေါ်မှာ နယ်ပယ်အသီးသီးမှ ကန့်ကွက်ကြောင်း သဘောထားများစွာ ထုတ်ပြန်နေကြတဲ့အချိန်မှာ အစိုးရ မဟုတ်သော၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတရပ်ဖြစ်တဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံးအနေနဲ့ ဘယ်လို သဘောထား ထုတ်ပြန်ခြင်းများ မရှိတဲ့အတွက် ဂီတ အသိုင်းအဝိုင်းမှ အနုပညာရှင်များဟာ ကန့်ကွက် ရှုတ်ချကြောင်း ကမ်ပိန်း ပြုလုပ်နေကြပါတယ်။
“တေးသံရှင်တဦးအနေဖြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးဟု ခေါ်သော၊ အစိုးရ မဟုတ်သော၊ လွတ်လပ်သော အဖွဲ့အစည်းဟု အမည်ခံထားသော အဖွဲ့အစည်းမှ ယခုလက်ရှိ ဖြစ်ပေါ်နေသော စစ်တပ်မှ ပြည်သူလူထုနှင့် နိုင်ငံတော်အား ပုန်ကန် ဆန့်ကျင် သစ္စာဖောက်ကာ အာဏာသိမ်းသော လုပ်ရပ်အပေါ်တွင် ရေငုံ နှုတ်ပိတ်နေခြင်းအား ရှက်ရွံ့ဖွယ် ကန့်ကွက်ပါသည်” လို့ အဆိုတော် ဆုန်သင်းပါရ်က ပြောထားပါတယ်။
အဆိုတော် ဒေးဗစ်လိုင်ကလည်း “မြန်မာနိုင်ငံ ဂီတအစည်းအရုံး အနေနဲ့ အားလုံးကိုယ်စား သဘောထား ထုတ်ပြန်မှုလေးတော့ လုပ်သင့်ပါတယ်”လို့ ဆိုပါတယ်။
အဆိုတော် အိမ့်ချစ်ကတော့ “မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မှန်ကန်တဲ့ အရာကို လုပ်သင့်တယ်။ ရှက်စဖွယ်ပဲ”လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားတင်ထားပါတယ်။
အဆိုပါ ကန့်ကွက်မှုမှာတော့ အဆိုတော်တွေဖြစ်ကြတဲ့ ဆုန်သင်းပါရ်၊ အိမ့်ချစ်၊ နင်ဇီမေ၊ နိုဗန်ထူး၊ M ဇော်ရိန်၊ Key Lashi၊ ကြက်ဖ၊ ဂျူနီယာချစ်ကောင်း၊ ဒေးဗစ်လိုင်၊ စောလားထော်ဝါး၊ ရော်ရွက်၊ ဂီတ တီးဝိုင်းအဖွဲ့များ အစရှိသူများက ဆိုရှယ်မီဒီယာမှာ Hashtag များနဲ့ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
ကမ်ပိန်း ပြုလုပ်နေကြတဲ့ Hashtag တွေကတော့ #မြန်မာနိုင်ငံဂီတအစည်းအရုံး၊ #Civil_Disobedience , #Leader , #Democracy , #Stay_at_home_movement , #Save_Myanmar , #MyanmarMusicAssociation စတဲ့ Hashtag များနဲ့ ကန့်ကွက်မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။
You may also like these stories:
“အာဏာသိမ်းမှုကို လက်မခံဘူး”ဆိုတဲ့ အဆိုတော် ချမ်းချမ်းနှင့် အင်တာဗျူး
မြန်မာနိုင်ငံအတွက် ဆုတောင်းစကား ဆိုကြတဲ့ နိုင်ငံတကာ အနုပညာရှင်များ
Civil Disobedience ကမ်ပိန်းမှာ ပြည်သူများနဲ့အတူ အနုပညာရှင်များ ပါဝင်လာ