စစ်အာဏာသိမ်းမှုမှာ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပေးလျက်ရှိတဲ့ သရုပ်ဆောင် ဒေါင်းဟာ အခုလို ရပ်တည်မှုဟာ မျိုးဆက်သစ်တွေအတွက် တန်ဖိုးရှိတဲ့လုပ်ရပ် ဖြစ်တာကြောင့် နောင်တရလို့ မဖြစ်ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့တွေရဲ့ ပြည်သူတွေအားလုံးဟာ ကျနော်တို့နိုင်ငံရဲ့သမိုင်း ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အနာဂတ် ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့မျိုးဆက်သစ်တွေအတွက် ကျနော်တို့တွေရဲ့ လုပ်ရပ်တွေဟာ တန်ဖိုးရှိပါတယ်။ ပြီးတော့ နောင်တရလို့ မဖြစ်ပါဘူး။ ကျနော်တို့တွေ နောင်တ မရှိချင်ဘူး။ အဲ့တော့အားလုံး အတူတူ ကျနော်တို့နိုင်ငံအတွက် ပြည်သူ့အစိုးရကို ကျနော်တို့ ပြန်လည် တင်မြှောက်နိုင်ဖို့အတွက် အတူတကွ လက်တွဲပြီးတော့ ကန့်ကွက်ကြရအောင်၊ ဆန့်ကျင်ကြရအောင်” လို့ ဒေါင်းက ပြောပါတယ်။
ဒီလိုလုပ်ရပ်တွေဟာ ပါတီစွဲတခုခုကြောင့် လုပ်နေခြင်း မဟုတ်ဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ချစ်တဲ့ နိုင်ငံအပေါ်မှာထားတဲ့ ရပ်တည်ချက်တခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခုလုပ်ရပ်တွေဟာ ဘယ်ပါတီစွဲမှ မရှိပါဘူး။ ဘယ်ပါတီအတွက်မှ လုပ်နေခြင်း မဟုတ်ပါဘူး။ ကျနော့်ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ကျနော်ချစ်တဲ့ နိုင်ငံအပေါ်မှာထားတဲ့ ကျနော့်ရဲ့ရပ်တည်ချက်ပါပဲ။ အတူလက်တွဲပြီး ကျော်ဖြတ်ကြရအောင်။ ဒေါသကို ရှေ့တန်းမတင်ပါနဲ့။ ကျနော်တို့ အတူတူ အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။ ငြိမ်းချမ်းစွာနဲ့ အိမ်ထဲမှာနေပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်ကြရအောင်။ အာဏာရှင်အစိုးရကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြုတ်ချနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဒေါင်းက ပြောပါတယ်။
Civil Disobedience (အာဏာဖီဆန်ရေး) နဲ့ ပတ်သက်၍ ခိုင်ခိုင်မာမာ ရပ်တည်ဖို့လိုပြီး သရုပ်ဆောင်တယောက်အနေနဲ့ အားလုံးနဲ့ အတူတူ ရှိနေမှာဖြစ်တဲ့အတွက် လက်မလျှော့ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။
“အဓိကကတော့ အားလုံး အခုအချိန်မှာ အားတင်းထားဖို့ လိုတယ်။ စိတ်လျှော့လိုက်လို့ မရဘူး။ လက်လျှော့လိုက်လို့ မရဘူး။ Civil Disobedience နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့တွေ ခိုင်ခိုင်မာမာရပ်တည်ဖို့ လိုတယ်။ အဲဒါနဲ့အတူ ကျနော် သရုပ်ဆောင်တယောက်အနေနဲ့ အမြဲတမ်း ရှိနေပါတယ်”
“အားလုံးရဲ့ ရပ်တည်ချက်တွေ လမ်းကြောင်းတွေ မလွဲဘဲနဲ့ အတူတူ ရှေ့ဆက်ချင်ပါတယ်။ အားလုံးငြိမ်ချမ်းစွာ ဆန္ဒပြခြင်းနဲ့အတူ ကျနော်တို့ ရှေ့ဆက်ကြရအောင်။ အခုအချိန်မှာ အားလုံး စိတ်တွေလည်း ညစ်နေမယ်ဆိုတာ သိပါတယ်။ စိတ်မလျှော့လိုက်ပါနဲ့။ လက်မလျှော့လိုက်ပါနဲ့” လို့ ဒေါင်းက ပြောပါတယ်။
ဒေါင်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းခဲ့တဲ့ အချိန်ကနေစပြီး ဒီဖြစ်စဉ်အပေါ် ဆန့်ကျင်တဲ့ ပို့စ်များကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဆက်တိုက် တင်ပေးနေတာ ဖြစ်ပါတယ်။
You may also like these stories:
အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြတဲ့ အနုပညာရှင်များ
Civil Disobedience ကမ်ပိန်းမှာ ပြည်သူများနဲ့အတူ အနုပညာရှင်များ ပါဝင်လာ
“အာဏာသိမ်းမှုကို လက်မခံဘူး”ဆိုတဲ့ အဆိုတော် ချမ်းချမ်းနှင့် အင်တာဗျူး