လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ပြည်သူတယောက်အနေနဲ့ ဝမ်းနည်းတယ်လို့ သရုပ်ဆောင် တိုင်ရွန်က ဆိုပါတယ်။
“အခုလို မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ပြည်သူတယောက်အနေနဲ့ ဝမ်းလည်း ဝမ်းနည်းတယ်။ စဖြစ်ကတည်းက စိတ်လည်း မကောင်းဘူး။ ပျော်လည်း မပျော်ဘူး။ အခုချိန်မှာလည်း ကြိတ်တ်မနိုင်ခဲ မရဖြစ်နေတုန်းပဲ။ အခုအခြေအနေမျိုးမှာ နိုင်ငံရေးကို ဝန်းရံတဲ့သူတွေ ရှိသလို၊ မဝန်းရံတဲ့သူတွေလည်းရှိတယ်။ မဝန်းရံသူတွေကိုလည်း အပြစ် မပြောလိုပါဘူး”
“ကျနော်တို့ လုပ်တယ်ဆိုတာ ဘယ်သူမှ တိုက်တွန်းလို့ လုပ်တာ မဟုတ်ဘူး။ ကျနော်တို့ ခံယူချက်နဲ့ ကျနော်တို့ လုပ်တယ်။ သူတို့လည်း သူတို့ စိတ်ထဲ သူတို့ ခံယူချက် ရှိလိမ့်မယ်။ အမြင်မတူတဲ့အတွက်ကြောင့် ဘာကြောင့် အမြင်မတူတာလဲလို့ လိုက်ညှိနေမှာ မဟုတ်ဘူး။ ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ပဲ အဓိက ကျတယ်”လို့ တိုင်ရွန်က ပြောပါတယ်။
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကနေ နုတ်ထွက်လိုက်တဲ့ တိုင်ရွန်က ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေတာက မျိုးဆက်သစ် တယောက်အနေနဲ့ အရမ်းရှက်မိလို့ နုတ်ထွက်တာလို့ ဆိုပါတယ်။
“အစည်းအရုံး ကတ်ပြားကို တင်ပြီး နုတ်ထွက်လိုက်တဲ့ အကြောင်းအရင်းက ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ငယ်ငယ်ကတည်းက လေးစားခဲ့ရတယ်။ တန်ဖိုးထားခဲ့ရတယ်။ ဒီအဖွဲ့အဝင် တယောက်ဖြစ်ရင် ကျနော်တို့လုပ်တဲ့ အနုပညာအလုပ်တွေက ပိုပြီး ထိရောက်တယ်ပေါ့။ ဇာတ်ကားတွေ ရိုက်မလား။ ကြိုးစားရင် ကြိုးစားသလို အကယ်ဒမီ ရလာနိုင်တယ်”
“အသင်းဝင်ကတ်ပြား မရှိရင် ဘယ်လို ကြိုးစားကြိုးစား ကျနော်တို့ အနုပညာသမားတွေရဲ့ ပန်းတိုင်ဖြစ်တဲ့ အကယ်ဒမီဆိုတာ ရလာနိုင်မှာ မဟုတ်တော့ဘူး။ အခုလို ကျနော်တို့ လေးစားခဲ့ရတဲ့ အဖွဲ့အစည်းတခုက ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေတာက မျိုးဆက်သစ် တယောက်အနေနဲ့ အရမ်းရှက်မိလို့ နုတ်ထွက်တာပါ”လို့ တိုင်ရွန်က ပြောပါတယ်။
နိုင်ငံရေးကို အများကြီး နားမလည်ဘူးဆိုတဲ့ တိုင်ရွန်က ပြည်သူထဲက ပြည်သူတယောက်ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူနဲ့ တထပ်တည်းလို့ ဆိုပါတယ်။
“ကျနော်တို့က ပရိသတ် ထမင်းကို စားထားတာ။ ပရိသတ်တွေ ခံစားနေရသလို ကျနော်ကလည်း ပြည်သူထဲက ပြည်သူတယောက်ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူနဲ့ တထပ်တည်း ဖြစ်တယ်။ ကျနော်တို့က ကျနော်တို့ နောက်မှာ အားပေးနေတဲ့သူတွေ ရှိတယ်။ လူတယောက် လှုပ်ရှားတာထက် ကျနော်တို့ လှုပ်ရှားတာက ပိုပြီးထိရောက်နိုင်လို့ ကျနော်တို့ ပါဝင်ရခြင်းပါ။ ကျနော်နိုင်ငံရေးကို အများကြီး နားမလည်ဘူး။ လက်ရှိချိန်မှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တိုင်း လုပ်နေတာပါ။ ပြည်သူနဲ့ အတူတူပဲ တလမ်းတည်းပဲ လျှောက်မှာပါ”လို့ တိုင်ရွန်က ပြောပါတယ်။You may also like these stories:
ရုပ်ရှင်နဲ့ ပြဇာတ်ဌာနမှ ဆရာ၊ ဆရာမများ အလုပ်ထုတ်ခံရပါက ကူညီမယ့် ဒါရိုက်တာ ဏကြီး