Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) အတွက် ပါဝင်လှုပ်ရှားနေကြတဲ့ ပြည်သူ့ဝန်ထမ်း အချို့အတွက် We Support Heroes အဖွဲ့မှ နေရာထိုင်ခင်း စီစဉ်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
“Civil Disobedience Movement မှာ ပါဝင်လို့ နေရေးစားရေ အခက်အခဲဖြစ်သွားတဲ့ ပြည်သူ့ဝန်ထမ်း အချို့ကို နေရာထိုင်ခင်း စီစဉ်၍ ပြင်ဆင် ဆောင်ရွက်ပေးနေပါပြီ။ ကြားဖြတ်ဝမ်းသာစရာ ပြောရမယ်ဆိုရင် နေပြည်တော်မှာ အိမ်၊ ခြံ၊ တိုက် ၅ လုံးထက်မနည်း စိတ်ကြိုက်သုံးဖို့ ပေးလှူလာကြပါတယ်။ မန္တလေးမှာလည်း အိမ် ၇ လုံးထက်မနည်း ပေးလှူလာကြပါတယ်။ ပြီးတော့ မကွေးမှာလည်း အိမ်အလှူ ပေါ်လာပါတယ်” လို့ အဆိုတော် လင်းလင်းက ပြောပါတယ်။
ကူညီမှုများ ပြုလုပ်မယ်လို့ ဆိုထားပေမယ့် တချို့သောဝန်ထမ်းများမှာ ဝန်ပိမှာစိုးတဲ့အတွက် သူတို့အဆင်ပြေသလို နေကြပြီး အခက်အခဲဖြစ်မှသာ ပူးပေါင်းမယ်လို့ ဆိုပါတယ်။
“ပြည်သူကို ပြည်သူက စောင့်ရှောက်တာ ဝမ်းသာမျက်ရည် ကျရပါတယ်။ အချို့ဝန်ထမ်းတွေကျတော့လည်း ကျနော်တို့ ဝန်ပိမှာစိုးလို့ Civil Disobedience လုပ်ပြီး အဆင်ပြေသလို နေကြပါတယ်။ အခက်အခဲဖြစ်တော့မှ လာပူးပေါင်းမယ်လို့ ပြောလို့ ဝမ်းသာဝမ်းနည်းပါပဲ။ We Support Heroes မှာ မက်ဆေ့ပို့ပြီး ရအောင် ဆက်သွယ်ပေးပါ။ အမျိုးသား၊ အမျိုးသမီး ခွဲ၍ နေရေး၊ စားရေး အဆင်ပြေအောင် ကျနော်တို့ အကောင်းဆုံးစီစဉ် ဆောင်ရွက်ပေးပါ့မယ်” လို့ လင်းလင်းက ပြောပါတယ်။
အကူအညီများလိုအပ်ပါက We Support Heroes ကို မက်ဆေ့ပို၍ ဆက်သွယ်နိုင်ပြီး အမျိုးသား၊ အမျိုးသမီး ခွဲကာ နေရေးစားရေး အဆင်ပြေအောင် စီစဉ် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ အဆိုပါ ကူညီပေးမှုအတွက် အလှူငွေ လက်ခံခြင်းမျိုး မရှိသေးဘဲ အိမ်၊ အခန်းများငှားပါက ဈေးလျှော့ပေးခြင်းဖြင့် ကူညီနိုင်တယ်လို့ သိရပါတယ်။
“အလှူငွေ (ငွေကြေး) များကိုတော့ လုံးဝ လက်မခံသေးပါ။ ကျနော်တို့ အိမ်၊ အခန်းတွေ ငှားရင်သာ ဈေးလျှော့ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ အနုပညာသမားများ ပရဟိတအဖွဲ့များမှ ဦးဆောင်တာ ဆိုပေမယ့် ပြည်သူ့အတွက် ပြည်သူက ဦးဆောင်တာပါ။ စီးပွားရေး လုပ်ငန်းရှင်ကြီးများရဲ့ အခန်းလွတ် အိမ်၊ ခြံများ၊ တိုက်ခန်းများ လအကန့်အသတ်ဖြင့် ပေးသုံးမယ်။ လှူကြမယ်ဆိုရင်တော့ ဝမ်းသာစွာ လက်ခံပါမယ်။ ကိုယ်ထူကိုယ်ထ လုပ်ကြမယ်ဆိုရင်လည်း ကျနော်တို့ ပါဝင်ဖို့ အသင့်ပါခင်ဗျာ” လို့ လင်းလင်းက ပြောပါတယ်။
Civil Disobedience Movement အတွက် မတရားမှုကို ဆန့်ကျင်သော ပြည်သူ့ဝန်ထမ်းများအား နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာအလွှာစုံမှ ပြည်သူများက ကူညီစောင့်ရှောက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီအစီအစဉ်ကိုတော့ အဆိုတော် လင်းလင်းက ဦးဆောင်လျက်ရှိပြီး အနုပညာအသိုင်းအဝိုင်းမှလည်း ပါဝင်လာကြတာကို တွေ့ရပါတယ်။
You may also like these stories:
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှုတ်ပိတ်နေတဲ့အပေါ် အနုပညာရှင်များ ရှုတ်ချ
အာဏာသိမ်းမှုအပေါ် ရုပ်ရှင်အစည်းအရုံးက ငြိမ်နေလို့ တိုင်ရွန် နုတ်ထွက်
ရုပ်ရှင်နဲ့ ပြဇာတ်ဌာနမှ ဆရာ၊ ဆရာမများ အလုပ်ထုတ်ခံရပါက ကူညီမယ့် ဒါရိုက်တာ ဏကြီး