လက်ရှိ မြန်မာနိုင်ငံကို စစ်တပ်မှ အာဏာသိမ်းလိုက်တဲ့အပေါ် ပြည်သူများက နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြသလို အဆိုတော် ရဲရင့်အောင်ကလည်း အာဏာရှင်ကို ဆန့်ကျင်ကြောင်း သီချင်းတပုဒ်နဲ့ ဖော်ထုတ်ခဲ့ပါတယ်။
“စစ်အာဏာရှင် အစိုးရကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြပါ။ ကျနော် ရဲရင့်အောင်နဲ့ BG18 Record Label က Artist တွေ အားလုံးပေါင်းပြီး သီချင်းတပုဒ်နဲ့ အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဖော်ထုတ်ပါတယ်” လို့ အဆိုတော် ရဲရင့်အောင်က ပြောပါတယ်။
သီချင်းနာမည်ကိုတော့ “ငဲ့” လို့ ပေးထားကာ Music Video ပုံစံနဲ့ တင်ဆက်ထားတာဖြစ်ပြီး ဒီထဲမှာတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းတဲ့အကြောင်း မြဝတီရုပ်သံလိုင်းမှာ ကြေညာခဲ့တဲ့ သတင်းအပိုင်းအစ၊ ည ၈ နာရီမှာ ပြည်သူများ သံပုံးတီးတဲ့ ရုပ်သံများကို ထည့်သွင်း ပြသထားပါတယ်။
“ငဲ့” သီချင်း Music Video
သီချင်းစာသားတွေထဲမှာ “လူငယ်တွေက တိုင်းပြည်အနာဂတ် အမှားတွေကို မြင်ပြီး အမှန်တွေကို ပြောဖို့ ငါတို့အားလုံး ကြောက်နေကြမှာ မဟုတ်” ဆိုတဲ့ အကြောင်းအရာတွေ ပါရှိပါတယ်။
“အခြား အနုပညာရှင် ညီအစ်ကို မောင်နှမများကိုလည်း အနုပညာများ ဖန်တီးပြီး အာဏာရှင်ကို ဆန့်ကျင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဂီတ၊ စာပေ၊ ပန်းချီ၊ ရုပ်ရှင် ကဏ္ဍများအားလုံး ပါဝင်ကြပါ။ ပြည်သူသည်သာ အခရာ၊ အနုပညာသည် ပြည်သူ့အတွက်ပါ”လို့ ရဲရင့်အောင်က ပြောပါတယ်။
သူတို့လို တခြားသော ဂီတ၊ စာပေ၊ ပန်းချီ၊ ရုပ်ရှင် ကဏ္ဍများမှ ညီအစ်ကို မောင်နှမများကိုလည်း အနုပညာများ ဖန်တီးပြီး အာဏာရှင်ကို ဆန့်ကျင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ အနုပညာလက်ရာများကို ဖန်တီးပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်တဲ့အခါမှာလည်း #ArtForPeople #ActByArt စတဲ့ Hash tag များနဲ့ တင်ပေးကြပါဖို့ အသိပေးထားပါတယ်။
ဒီလို အလားတူစွာပဲ အဆိုတော် G Fatt ကလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သီချင်းတပုဒ် တင်ထားပါသေးတယ်။
You may also like these stories:
“နိုင်ငံရေးကို ဝါသနာ မပါလို့ ပရဟိတပဲ လုပ်ခဲ့တာ”လို့ အဆိုတော် G ဆို
အာဏာဖီဆန်ရေးမှာ ပါဝင်ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ကူညီမယ့် “We Support Heroes”
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှုတ်ပိတ်နေတဲ့အပေါ် အနုပညာရှင်များ ရှုတ်ချ