မြန်မာနိုင်ငံမှာ စစ်တပ်က လက်ရှိ အာဏာသိမ်းလိုက်တဲ့အပေါ် နိုင်ငံကျော် Makeup Artist မေဦးမောင်က ယူကျုံးမရ ဖြစ်ရပြီး၊ အမှောင်ခေတ်ကို ပြန်မသွားလိုဘူးလို့ ဆိုပါတယ်။
“အခုလက်ရှိ အာဏာသိမ်းလိုက်တဲ့အပေါ် ယူကျုံးမရ ဖြစ်ရပါတယ်။ ကျမတို့ အမှောင်ခေတ်ကို ပြန်မသွားလိုပါဘူး။ အခုလို တက်သစ်စဖြစ်နေတဲ့ ဒီမိုကရေစီက ရှင်သန်ဖို့ လိုအပ်တဲ့အတွက် ကျမတို့အနေနဲ့ ကျန်တဲ့ ကဏ္ဍတွေထက် အမှောင်လမ်းကို ပြန်မလျှောက်လိုတာက အဓိက ဖြစ်နေပါတယ်။ အဲ့အတွက် ကျမတို့ နေ့စဉ်နဲ့အမျှ ပူလောင်သောကတွေ အရမ်းခံစားနေရပါတယ်”လို့ မိတ်ကပ် မေဦးမောင်က ပြောပါတယ်။
စစ်အစိုးရက ဝန်ကြီးတွေ ပြောင်းလဲ ခန့်အပ်လိုက်တဲ့အပေါ် ပြည်သူက ရွေးချယ် တင်မြှောက်ထားသူတွေ မဟုတ်တဲ့အတွက် ပြည်သူတယောက်အနေနဲ့ တရားမဝင်ဘူးလို့ မြင်မိကြောင်း ဆိုပါတယ်။
“ဝန်ကြီးတွေလည်း ပြောင်းလဲ ခန့်အပ်လိုက်တာ ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့သူတွေ မဟုတ်ပါဘူး။ စစ်အာဏာရှင်က ရွေးချယ် ခန့်အပ်ထားတဲ့သူတွေမို့လို့ တရားမဝင်ဘူးလို့ ပြည်သူတယောက်အနေနဲ့ ကျမ မြင်ပါတယ်။ ကျမတို့ လိုချင်တာကတော့ လွှတ်တော် ခေါ်ယူပြီးခန့်အပ်ထားတဲ့ ဝန်ကြီးတွေသာလျှင် ပြည်သူက ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေလို့ မြင်တာဖြစ်တဲ့အတွက် တရားမဝင်ဘူးလို့ မြင်မိပါတယ်”လို့ မေဦးမောင်က ပြောပါတယ်။
Myanmar Makeup Artists Society (မြန်မာ မိတ်ကပ်ပညာရှင်များအဖွဲ့) Facebook Page ဖွင့်ဖြစ်တာနဲ့ ပတ်သက်ပြီး မေဦးမောင်က အခုလိုပဲ ဆိုပါတယ်။
“Myanmar Makeup Artists Society Page လေး ဖွင့်ဖြစ်တာကတော့ အာဏာသိမ်းခြင်းကို ကန့်ကွက်မယ့် ကိစ္စတွေ၊ ကျမတို့ မိတ်ကပ်သမားတွေက တိတိကျကျ လေးစားလိုက်နာမယ်။ တည်ဆဲ ဥပဒေ လမ်းကြောင်းထဲကနေ သွားဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ ဦးတည်ထားတာပေါ့။ အဲဒါ လုပ်ဖို့အတွက် ကျမတို့ မိတ်ကပ်သမားတွေ အားလုံးက စုပြီး ဒီ Page ကို ထောင်လိုက်တာပါ။ ဒီ Page ကနေ မှန်ကန်တဲ့ သတင်းစကားတွေ အချက်အလက်တွေ ပေးမယ်”
“နိုင်ငံရေးတို့ ဘာသာရေးတို့ကတော့ အမြင်မတူမှုတွေက အမြဲတမ်း ရှိနေပါတယ်။ ဒီကိစ္စမှာ ဝန်းရံခြင်း၊ မဝန်းရံခြင်းဆိုတာ ကိုယ်ချင်းစာစိတ်ကို အရင်းခံတယ်။ နိုင်ငံချစ်စိတ်၊ မြတ်နိုးစိတ်တွေဟာ ဘယ်လိုမျိုးလဲဆိုတာကို အခြေခံတဲ့အတွက် ဝန်းရံခြင်း၊ မဝန်းရံခြင်းမှာ လူထုက ဆုံးဖြတ်ပေးသွားမှာပါ။ ကျမတို့က တဦးချင်း ပုဂ္ဂလိက ဆုံးဖြတ်လို့ မရပါဘူး။ ဝန်းရံတဲ့သူက ဘယ်လိုမျိုးဆိုတာ ပြည်သူက ဆုံးဖြတ်ပေးသွားမှာပါ”လို့ မေဦးမောင်က ပြောပါတယ်။
၁၉၈၈ ခုနှစ်မှာ ၄ တန်းအရွယ် ကျောင်းသားတယောက် ဖြစ်ခဲ့တာကြောင့် ပညာရေးမှာ နိမ့်ကျခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျမက ၁၉၈၈ မှာ ၄ တန်းအရွယ် ကျောင်းသားတယောက်ပါ။ ပညာရေးတွေမှာ နိမ့်ကျခဲ့တယ်။ ဖွံဖြိုး တိုးတက်တဲ့ နိုင်ငံတော်ကြီးကို အလှမ်းဝေးကြီးမှာ ကျန်ခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ရှင်သန် ရပ်တည်ပြီးတော့ ကိုယ့်ဘဝကိုယ် ရုန်းကန်ခဲ့ရတယ်။ နိုင်ငံတော်က ကူညီထောက်ပံ့တဲ့ အထောက်အပံ့တွေ တခုမှ မရခဲ့ဖူးပါဘူးနော်။ ဒီလိုချိန်မှာ ရပ်တည်နိုင်ခဲ့တာလည်း ကိုယ်စွမ်းဉာဏ်စွမ်း ရှိပြီးကြိုးစားလို့ရပ်တည်နိုင်ခဲ့တာပါ”လို့ မေဦးမောင်က ပြောပါတယ်။
အမှောင်လမ်းရဲ့ ဆိုးဝါးမှုကို ကိုယ်တိုင် ခံစားခဲ့ရတာကြောင့် တိုးတက်တဲ့ နိုင်ငံတော်ကြီးဆီကိုပဲ ဦးတည်သွားချင်တယ်လို့ ဆိုပါတယ်။
“ဒီအမှောင်လမ်းရဲ့ ဆိုးဝါးမှုကို တောက်လျှောက် ခံစားခဲ့ရတယ်။ ဒီအမှောင်လမ်းကို ဘယ်လိုနည်းနဲ့မှ ပြန်မသွားလိုတော့ပါဘူး။ ကျမတို့ တိုးတက်တဲ့ နိုင်ငံတော်ကြီးဆီကိုပဲ ဦးတည်ချင်တယ်။ နောက်မျိုးဆက်တွေကို ကျမတို့လို ခံစားမှုမျိုး မပေးလိုတော့ပါဘူး။ မျိုးဆက်သစ်တွေက အာဏာသိမ်းခြင်းဆိုတာကို အခုချိန်မှာ ခံစားရတယ်။ ကျမတို့က အာဏာသိမ်းခြင်းကို ခံစားပြီးပြီ ဖြစ်တာကြောင့် အခုလို အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”လို့ မေဦးမောင်က ပြောပါတယ်။
You may also like these stories:
အာဏာရှင်ကို ဆန့်ကျင်ကြောင်း သီချင်းတပုဒ်နဲ့ ဖော်ထုတ်လိုက်တဲ့ ရဲရင့်အောင်
“နိုင်ငံရေးကို ဝါသနာ မပါလို့ ပရဟိတပဲ လုပ်ခဲ့တာ”လို့ အဆိုတော် G ဆို
အာဏာဖီဆန်ရေးမှာ ပါဝင်ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ကူညီမယ့် “We Support Heroes”