မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ ဆိုရှယ်မီဒီယာ ကမ်ပိန်းများစွာမှာ ပါဝင်တာ နောက်ကျတယ်ဆိုတဲ့ မှတ်ချက်များနဲ့ ဝေဖန်မှုများစွာ ရှိခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးဟာ ကျန်းမာရေး အခြေအနေကြောင့် အားလုံးနဲ့အတူ အပြင်ထွက်မလာနိုင်တဲ့အတွက် တောင်းပန်ခဲ့ပါတယ်။
“ချစ်ရတဲ့သူတွေနဲ့ရော၊ မိဘပြည်သူတွေနဲ့ရော ထက်ထက်က အတူတူ ရှိနေပါတယ်။ ကျန်းမာရေး အခြေအနေကြောင့်သာ အပြင်ကို မထွက်လာနိုင်တာပါ။ အကယ်၍ မထွက်လာနိုင်ခဲ့ဘူးဆိုရင်လည်း အားလုံးကို တောင်းပန်ပါတယ်။ ဒီရက်ပိုင်းကလေ နေမကောင်းဘူးဆိုပြီး အိမ်မှာပဲ အားလုံးနဲ့ အတူတူ ရှိနေတယ်ဆိုတာ ယုံကြည်ပေးပါ။ တကယ်ပါ၊ အမြဲတမ်း ရှိနေပါတယ်။ နှလုံးက ဒီရက်ပိုင်း ပိုဆိုးလာတာ။ ဆရာဝန် ပေးထားတဲ့ ဆေးတွေ သောက်ပြီး နေနေရတယ်”လို့ ထက်ထက်မိုးဦးက ပြောပါတယ်။
ပရိသတ်များက သူတို့နဲ့ အတူတူ ရှိမနေဘူးဆိုတဲ့ အထင်လွဲမှားမှုတွေ ရှိနေတာကြောင့် ရှေ့ဆုံးကနေလုပ်ပေးချင်တယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့ပါတယ်။
“အားလုံးကလေ ထက်ထက်ကို သူတို့နဲ့ အတူတူ ရှိမနေဘူးလို့ ထင်ကြတယ်။ ရှိနေတာပေါ့။ ဘာလို့ ရှိမနေရမှာလဲ။ ကိုယ်ချစ်ရတဲ့သူ မိဘပြည်သူအပေါင်းကို ထိရင်တောင် နည်းနည်းလေးမှ မခံနိုင်ဘဲနဲ့ ကို ကိုယ်သေရင် သေပါစေဆိုပြီး ရှေ့ဆုံးကနေ လုပ်ပေးချင်ပါသေးတယ်။ ဒါဟာ ရင်ထဲက စေတနာပါ။ ကိုယ့်ရဲ့ရင်ထဲမှာ ခံစားနေရတာကို ကိုယ်ပဲ အသိဆုံးပါ”လို့ ထက်ထက်မိုးဦးက ပြောပါတယ်။
လက်ရှိ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်နေကြတဲ့ ဝန်ထမ်းများအတွက် တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

“ထက်ထက်လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ပေးသွားမှာပါ။ ဝန်ထမ်းတွေအတွက်ပဲဖြစ်ဖြစ်၊ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ရပ်တည်ပေးဖို့ရာအတွက်ကို အဆင်သင့်ပါနော်။ အရင်ကဆို ရုပ်ရှင်တွေရိုက်၊ ကြော်ငြာတွေရိုက်နဲ့ဆိုတော့ ပရိသတ်နဲ့ သိပ်မထိတွေ့ခဲ့ရဘူး။ အခုဆို Live Sale တွေလုပ်တော့ ပရိသတ်တွေနဲ့ ပိုထိတွေ့ပြီး ခံစားချက်တွေကို နားလည်ပါတယ်” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။
ဒီအကြောင်းအရာတွေကိုတော့ ထက်ထက်မိုးဦးက သူ့ရဲ့ Official Page ကနေ Live လွှင့်ကာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ပုံမှန် Live Sale ပြုလုပ်နေကျ Official Page ဟာ စစ်တပ် အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး Unpublished ပြုလုပ်ခဲ့ကာ ဖေဖော်ဝါရီလ ၅ ရက်နေ့ညမှာ ပြန်လည် Active ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
အနုပညာရှင်များစွာ ပါဝင်လာကြတဲ့ “အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ”
မြန်မာပြည်သူတွေဘက်ကနေ ထောက်ခံလိုက်တဲ့ မင်းသမီး Michelle Yeoh
“အာဏာသိမ်းမှုအပေါ် အမှောင်ခေတ်ကို ပြန်မသွားလိုဘူး”လို့ မိတ်ကပ် မေဦးမောင် ဆို