သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံဟာ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းများအား ကူညီ ဆောင်ရွက်ရေးအတွက် ဖွဲ့စည်းထားသော “We Support Heroes” အစီအစဉ်တွင် ပါဝင်ကာ အားဖြည့် ကူညီသွားမယ်လို့ သိရပါတယ်။
“အပြောင်းအလဲမှာ ပြည်သူ့ဝန်ထမ်းတွေအားလုံးက နိုင်ငံရဲ့ သူရဲကောင်းတွေအဖြစ် မှတ်တမ်းထင် ကျန်နေရစ်အောင် ကျနော်တို့ အတူတူ ရင်ဆိုင် ကျော်ဖြတ်ကြရအောင်ပါ။ Civil Disobedience Movement မှာ မတရားမှုကို ဆန့်ကျင်သော ပြည်သူ့ဝန်ထမ်းများအား နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာရေး အလွှာစုံမှ ပြည်သူများက ကူညီစောင့်ရှောက်ကြပါစို့”လို့ We Support Heroes Page က ကြေညာထားပါတယ်။
“Civil Disobedience Movement မှာ ပါဝင်ကြမယ့် ပြည်သူ့ဝန်ထမ်းများရဲ့ နေရေးစားရေး အခက်အခဲများကို အဆင်ပြေရေးအတွက် ကျနော်တို့ အကောင်းဆုံး ပြင်ဆင်နေပါတယ်။ CDM လုပ်မယ့် ဝန်ထမ်းတွေအတွက် ကူညီပေးဖို့ရာ ဆက်သွယ်ပေးနိုင်ပါတယ်”လို့ ကြေညာထားပါတယ်။
ဒါ့အပြင် We Support Heroes အစီအစဉ်မှာ ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၊ အာဇာနည်၊ လင်းလင်း၊ ဇဏ်ခီ၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ ခရစ္စတီးနားခီ၊ မနီလာသိန်း (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ ပူးပေါင်း ပါဝင်ထားတယ်လို့ သိရပါတယ်။
အဆိုပါ အစီအစဉ်ကို ထပ်ပြီး အတူတူ ဝန်းရံပေးကြမယ့် အနုပညာရှင်များစွာလည်း အသင့် ရှိနေကြပြီး၊ We Support Heroes အနေနဲ့ “ပြည်သူ့ဆန္ဒနှင့် မညီသော မတရားမှုများကို ဆန့်ကျင်မယ့် ပြည်သူ့ဝန်ထမ်းများကို ပြည်သူက စောင့်ရှောက်ကြပါစို့”လို့ ဆိုပါတယ်။
“CDM လုပ်နေသော အခက်အခဲ ကြုံတွေ့နေတဲ့ ဝန်ထမ်းများအတွက် အတတ်နိုင်ဆုံး ကူညီပေးဖို့ We Support Heroes မှာ ကျနော်တို့ ရှိနေပါတယ်။ Civil Disobedience Movement မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော ကိုယ်ကျိုးစွန့် ပြည်သူ့ဝန်ထမ်းများ အားလုံးကို လေးစားပါတယ်။ Movement ကိုလည်း အပြည့်အဝ ထောက်ခံပါတယ်”လို့ သရုပ်ဆောင် ဇဏ်ခီက ဆိုပါတယ်။
ဒါရိုက်တာ ခရစ္စတီးနားခီကလည်း “CDM ပါဝင် လုပ်ဆောင်နေကြသော ဝန်ထမ်းများအား ကူညီပံ့ပိုးပေးသွားပါမယ်။ CDM လုပ်ဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား လေးစား ဂုဏ်ယူပါကြောင်းနဲ့
ဒီ လှုပ်ရှားမှုအား အားပေးထောက်ခံပါကြောင်း ပြောကြားပါရစေ”
“CDM ဟာ လူထုရဲ့မနာခံမှုကို ပြသတဲ့ အထိရောက်ဆုံး လုပ်ဆောင်မှုတခု ဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းမဟုတ်သော်လည်း အားလုံးနဲ့အတူ ရှိနေပါ့မယ်။ အောင်မြင်သည်အထိ ဆက်လက် လုပ်ဆောင်နိုင်ပါစေ။ အားလုံး ဘေးရန်ကင်းကြပါစေ”လို့ ဆိုပါတယ်။
“We Support Heroes” အစီအစဉ်ကိုတော့ အဆိုတော် လင်းလင်းက ဦးဆောင်လျက်ရှိပြီး အနုပညာအသိုင်းအဝိုင်းမှလည်း ပါဝင် ကူညီပေးလာကြတာ တွေ့ရပါတယ်။
You may also like these stories:
အာဏာဖီဆန်ရေးမှာ ပါဝင်ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ကူညီမယ့် “We Support Heroes”