မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြမှုများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ဖြင့် ပစ်ခတ်တဲ့အပေါ် သရုပ်ဆောင် ဆင်မက ပြည်သူတွေကို လက်နက်နဲ့ ပစ်တာမျိုး မလုပ်ပါနဲ့လို့ ဆိုပါတယ်။
“ကျနော်တို့ ပြည်သူတွေ စိတ်လေးတွေ နည်းနည်း ပြန်ထိန်းထားပါ။ ကျနော်ပြည်သူတွေ တဦးချင်းစီ၊ တယောက်ချင်းစီတိုင်းမှာ ကျနော်တို့ အသက်တွေ၊ ပြည်သူတွေရဲ့ အသက်တွေက တန်ဖိုးရှိတယ်ဗျ။ ကျနော်တို့ ပြည်သူတွေ တဦးတယောက်ကိုမှ အဆုံးအရှုံး မခံနိုင်ဘူး။ ကျနော်တို့ ပြည်သူတွေရဲ့အသက် ကျနော် အရမ်း တန်ဖိုးထားတယ်”လို့ ဆင်မက ပြောပါတယ်။
ယနေ့ နေပြည်တော်မှာ ဖြစ်သွားတဲ့ ဆန္ဒပြမှုကို ပစ်ခတ် ဖြိုခွင်းခံရတာနဲ့ ပတ်သက်ပြီး ဒီကိစ္စက ရုပ်ဆိုး အကျည်းတန်လွန်းတယ်လို့ ဆိုပါတယ်။
“ဒီနေ့ နေပြည်တော်မှာ ဖြစ်သွားတဲ့ကိစ္စ ရုပ်ဆိုး အကျည်းတန်လွန်းတယ်။ ကျနော်တို့ ပြည်သူတွေ အားလုံးဟာ ကျနော်တို့ လိုချင်တဲ့ ပြည်သူ တင်မြှောက်ထားတဲ့ အစိုးရကို ပြန်လိုချင်လို့ ငြိမ်းချမ်းစွာနဲ့ ဒီကိုဗစ် ရောဂါပိုးကို အန်တုပြီးတော့ စည်းကမ်းရှိရှိနဲ့ ကျနော်တို့ စီတန်း လှည့်လည် ဆန္ဒပြတာဗျ။ ပြည်သူ့ လစာလည်း စားပြီး ပြည်သူတွေကို ဘာလို့ ပစ်တာလဲ။ အခုလို လက်နက်နဲ့ ပစ်တာမျိုး မလုပ်ပါနဲ့ တောင်းပန်ပါတယ်”လို့ ဆင်မက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ပြည်သူ့အစိုးရ ပြန်မရမချင်း ည ၈ နာရီ သံပုံးတီးခြင်းဟာ အကောင်းဆုံး ဆန္ဒပြမှုပဲလို့ ဆင်မက ဆိုပါတယ်။
“ပြည်သူကိုပဲ တောင်းဆိုမယ်ဗျာ။ ရဲတွေကို တောင်းဆိုလို့ ဘာမှ မရဘူး။ ကျနော်တို့ တောင်းဆိုရမှာက ကျနော်တို့ ပြည်သူအစိုးရ ပြန်မရမချင်း ည ၈ နာရီ သံပုံးတီးရင်ကို ရနေပြီ။ အဲ့ဒါ အကောင်းဆုံး ဆန္ဒပြမှုပဲ။ ကျနော်တို့ လှည့်လည် ဆန္ဒပြကြတယ်။ ကျနော်တို့ အဲ့လို ဆန္ဒပြတာ ကမ္ဘာက သိလောက်ပြီလို့ ထင်တယ်။ စီတန်းလှည့်လည်တာ မိကောင်းဖခင် လူငယ် ပညာတတ်လေးတွေချည်းပဲ။ စည်းကမ်းရှိတယ်။ ကလေကချေ မပါဘူး။ အမှိုက်ကိုလည်း မပစ်ဘဲ သေချာ ပြန်ကောက်ကြတယ်”
“ကျနော်တို့နိုင်ငံက လူငယ်တွေ အကုန် ပြောင်းလဲကုန်တယ်။ အထက်က ဘယ်လောက်အမိန့် ပေးပေးပါ။ လူတွေကို လူတွေလို ပြောပါ။ ကျနော်တို့ ပြည်သူတွေက ငြိမ်းချမ်းစွာနဲ့ လမ်းလျှောက် ဆန္ဒပြကြတာ။ ခဲတွေနဲ့ ထုတာ ပစ်တာတွေ မလုပ်ဘူး။ သူတို့ကို လာလုပ်ရင်တော့ သူတို့ ပြန်လုပ်ရင် လုပ်မှာပေါ့။ တောင်းပန်ပါတယ်။ ပြည်သူ့ရဲတွေ လက်နက် အားကိုးနဲ့ မလုပ်ပါနဲ့။ ကျနော်တို့ ပြည်သူမှာ ဘာမှ မရှိဘူး”လို့ ဆင်မက ပြောပါတယ်။
ပြည်သူ့ဝန်ထမ်းများ အနေဖြင့် Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပြည်သူများနဲ့အတူ ရပ်တည်၊ ယုံကြည်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ ဆင်မက ဆိုပါတယ်။
You may also like these stories:
CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းများကို ကူညီမယ့် ခီမောင်နှံ
မြန်မာပြည်သူတွေဘက်ကနေ ထောက်ခံလိုက်တဲ့ မင်းသမီး Michelle Yeoh
အနုပညာရှင်များစွာ ပါဝင်လာကြတဲ့ “အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ”