မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင့်တဲ့ လူထုဆန္ဒပြမှုများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်နဲ့ ပစ်ခတ်တာဟာ လူမဆန်တဲ့ လုပ်ရပ်လို့ လူရွှင်တော် ပိုးလေးက ပြောပါတယ်။
“ကျနော်တို့မှာ လက်နက် မရှိဘူး။ စိတ်ဓာတ်တွေ ရှိတယ်။ ကျနော်တို့က ပြည်သူကျွေးတဲ့ ထမင်း စားလာတာ။ ပြည်သူတွေ ဒုက္ခရောက်ချိန် ဖယ်နေလို့ မရဘူး။ လက်နက်နဲ့ ပစ်တာကလည်း လူမဆန်ရင် လုပ်ပေါ့။ သတ်ရင် တခါပဲ သေမယ်။ ၂ ခါ မသေဘူး။ သူတို့က လက်နက် အားကိုးတယ်။ ပစ်။ ကျနော်တို့ ပြည်သူတွေမှာ အပ်တိုတောင် မရှိဘူး။ ပြည်သူတွေ ကျွေးတဲ့ ထမင်းစားပြီး ပြည်သူတွေကို သတ်မယ်ဆိုရင် သတ်။ ကျနော်တို့ ပြည်သူ့ အာဏာ ပြည်သူ ပြန်မရမချင်း ဆက်လက် ချီတက်နေဦးမှာပါ”လို့ ပိုးလေးက ပြောပါတယ်။
အာဏာသိမ်းတဲ့ လုပ်ရပ်ဟာ ပြည်သူ့အစိုးရကို အနိုင်ကျင့်တာဖြစ်ပြီး ဒီအာဏာ ပြန်မရရင် နိုင်ငံက အောက်တန်းကျသွားပြီလို့ ပိုးလေးက ဆိုပါတယ်။
“လက်နက် မရှိတဲ့ အစိုးရကို အနိုင်ကျင့်တာပေါ့။ ဒီအာဏာပြန်မရရင် ကျနော်တို့နိုင်ငံ အောက်တန်း ကျသွားပြီ။ နောင်လာမယ့် မျိုးဆက်သစ်တွေလည်း ဘယ်လိုမှ နိုင်ငံတကာကို ရင်ဘောင် တန်းနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့က ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ပြည်သူတွေပဲ။ တတိုင်းပြည်လုံးဒုက္ခရောက်နေချိန် ဘာမဟုတ်တာကြီးက လုပ်ချသွားတာ။ အာဏာသိမ်းတာက အဆင်မပြေဘူး။ အဲ့အတွက် ကျနော်တို့ ပြည်သူတွေနဲ့ အတူတူ ရပ်တည်တယ်”လို့ ပိုးလေးက ပြောပါတယ်။
အာဏာသိမ်းမှုဟာ မတရားတဲ့ လုပ်ရပ်ဖြစ်ပြီး၊ မဖြစ်သင့်ဘူးလို့ လူရွှင်တော် ချက်ကြီးက ဆိုပါတယ်။
“အာဏာသိမ်းတာ မတရားဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ကျနော်တို့ အခု တော်လှန်နေတာက ၁၉၈၈ တုန်းက ကျနော်တို့ ၇ နှစ်အရွယ်၊ ၈ နှစ်အရွယ်ပဲ ရှိသေးတယ်။ လူကြီးတွေက ပြန်ပြောပြကြတယ်။ တို့တွေ တော်လှန်ခဲ့ရတယ်။ အခု ထပ်ဖြစ်တော့ နောင်မျိုးဆက်သစ်တွေ ကျနော်တို့တုန်းကလို အခု လက်တွေ့ သူတို့ သိပြီ။ သူတို့ အနာဂတ်တွေ ပျောက်ဆုံးသွားတာ ဖြစ်တဲ့အတွက် မတရားမှုတွေ အနိုင်ကျင့်မှုတွေကို သူတို့ ကျေနပ်မှာလည်း မဟုတ်သလို တော်လှန်နေတဲ့ သပိတ်မှောက်နေတဲ့ထဲမှာ လတ်ဆတ်တဲ့ အရွယ်တွေ ပါနေတာက သူတို့အတွက် အမင်္ဂလာပဲ”လို့ ချက်ကြီးက ပြောပါတယ်။
ဆန္ဒပြမှုတွေမှာ လူငယ်တွေလည်း ပါဝင်ပြီး၊ မျိုးဆက်သစ်တွေအတွက် ဒီမိုကရေစီ ပြန်ရဖို့ အစိုးရ ဝန်ထမ်းတွေ ပြည်သူနဲ့အတူ ပူးပေါင်း ပါဝင်ပေးပါလို့ ဆိုပါတယ်။
“နေဝင်သွားတဲ့အရွယ်တွေ ရှိတယ်။ အဲ့လူကြီးတွေ လုပ်တာ သိပ်မထူးဆန်းဘူး။ သူတို့က ၈၈ တုန်းက လုပ်ခဲ့ကြတယ်။ အခု မျိုးဆက်သစ်တွေ ပါလာတာ။ သူတို့က ဒီမိုကရေစီ အရသာ အခုမှ ခံစားရတာ ၅ နှစ်ပဲ ရှိသေးတယ်။ ၁၀ နှစ်လောက်သာ ခံစားရရင် ဒီထက် အခြေအနေ ပိုဆိုးသွားမှာ။ ကျနော်တို့ အစိုးရ ဝန်ထမ်းတွေလည်း ပြည်သူတွေနဲ့ ပူးပေါင်း ပါဝင်ပေးပါ။ အိမ်ထဲကနေ မထွက်နဲ့။ ရုံးမတက်ဖို့ပဲ လိုတယ်။ ကျနော်တို့ ပြည်သူတွေ တိုက်ပွဲ ဝင်ပေးပါမယ်”လို့ ချက်ကြီးက ပြောပါတယ်။
You may also like these stories:
အနုပညာရှင်များစွာ ပါဝင်လာကြတဲ့ “အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ”
“ပြည်သူတွေကို လက်နက်နဲ့ မပစ်ပါနဲ့”လို့ ဆင်မ တောင်းဆို
CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းများကို ကူညီမယ့် ခီမောင်နှံ