စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အထိရောက်ဆုံး နည်းလမ်းလို့ ခံယူထားတဲ့ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်လာကြတာကို တွေ့ရပါတယ်။
Civil Disobedience Movement အတွက် ပါဝင်နေကြတဲ့ ဝန်ထမ်းများအတွက် ပြည်သူများ၊ အနုပညာရှင်များက လမ်းပေါ်ထွက်ကာ အားပေးခဲ့သလို၊ မပါဝင်လာသေးတဲ့သူတွေ အတွက်လည်း လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိပါတယ်။
အနုပညာရှင်များ အများဆုံး နေထိုင်ရာ ရန်ကုန်မြို့မှာတော့ ဆူးလေ၊ လှည်းတန်း၊ နိုင်ငံတကာသံရုံးများရှေ့မှာ ပြည်သူများနဲ့အတူ အာဏာရှင်ဆန့်ကျင်ရေး၊ ဝန်ထမ်းများ CDM ပြုလုပ်ဖို့အတွက် လှုံ့ဆော်ရေးများ ပြုလုပ်နေကြပါတယ်။
ဂီတ၊ ရုပ်ရှင် အနုပညာ အသိုင်းအဝိုင်း အသီးသီးမှ ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ပါဝင်ခဲ့ရာ ယနေ့ဖေဖော်ဝါရီ ၁၀ ရက်နေ့ထိ အရှိန်အဟုန် ကောင်းကောင်းနဲ့ ပါဝင်လာကြပါတယ်။
ယနေ့ ဖေဖော်ဝါရီ ၁၀ရက်နေ့ မနက်ပိုင်းမှာတော့ အဆိုတော်တွေ ဖြစ်ကြတဲ့ ဖြိုးပြည့်စုံ၊ အိမ့်ချစ်၊ ဆိုဖီယာ၊ မေမဒီ၊ ဂေဂေး၊ Key အစရှိသူများက CDM ပြုလုပ်နေတဲ့ ကျောင်းဆရာ၊ ဆရာမများကို သွားရောက် အားပေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များကလည်း CDM မှာ ပူးပေါင်းပေးဖို့အတွက် လှုံ့ဆော်မှုများနဲအတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“သင့်မျိုးဆက်ရဲ့ အနာဂတ်အတွက် CDM နဲ့ ပူးပေါင်းပေးကြပါ။ သင့်တိုင်းပြည်ရဲ့အနာဂတ်အတွက် CDM နဲ့ ပူးပေါင်းပေးကြပါ။ လမ်းပေါ်မှာ ပြည်သူတွေ အသက်ထပ်မံ မပေးကြရဖို့ CDM နဲ့ ပူးပေါင်းပေးကြပါ။ မြသွဲ့သွဲ့ခိုင်လေးတွေ ထပ်မမြင်ချင်တော့ဘူး။ ပူးပေါင်း ပါဝင်ပေးကြပါ”လို့ ရုပ်ရှင်အသိုင်းအဝိုင်းက တိုက်တွန်းထားပါတယ်။
ဒီတိုက်တွန်းမှုမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်၊ ဇင်ဝိုင်း၊ လူမင်း၊ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ဖိုးချစ်၊ သားညီ၊ ထူးခြား၊ ဇွဲနိုင်ဝင်း၊ ခင်လှိုင်၊ မင်းတော်ဝင်၊ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဒါရိုက်တာ ကိုပေါက်၊ အောင်ခိုင်၊ ရဲမွန်၊ ရွှေသမီး၊ ပွင့်နဒီမောင်၊ ဝေလာရီ အစရှိသူတွေ ပါဝင်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ တနိုင်ငံလုံး အတိုင်းအတာဖြင့် CDM အတွက် ပူးပေါင်းပါဝင်မှုများ၊ လှုံ့ဆော်မှုများပြုလုပ်နေကြသလို လူငယ်တွေအနေနဲ့လည်း လမ်းပေါ်ထွက်၍ ကိုယ့်နည်းကိုယ့်ဟန်များဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြပါတယ်။
You may also like these stories:
CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းများကို ကူညီမယ့် ခီမောင်နှံ
“ပြည်သူတွေကို လက်နက်နဲ့ မပစ်ပါနဲ့”လို့ ဆင်မ တောင်းဆို
“ပြည်သူတွေကို လက်နက်နဲ့ ပစ်တာ လူမဆန်တဲ့ လုပ်ရပ်”လို့ ပိုးလေး ပြော