အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲမှာ အာဏာသိမ်း မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ စီးပွားရေး တွဲဖက် လုပ်ကိုင်နေသူတွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန် ကြေညာထားပါတယ်။
အဆိုပါ စာရင်းထဲမှာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Stellar Seven ကုမ္ပဏီ လိမိတက် အပါအဝင် ကိုဝေမင်းမောင် ဦးစီးတဲ့ Myanmar Media 7 ကုမ္ပဏီတို့ ပါဝင်တာ တွေ့ရပါတယ်။
Myanmar Media 7 ကုမ္ပဏီဟာ ဆယ်စုနှစ် တစုကျော်ကြာ ရပ်တည် လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ကိုဝေမင်းမောင်နှင့် ကိုနိုင်ဖြိုးကျော်တို့ သူငယ်ချင်း နှစ်ဦး ဦးစီး လုပ်ကိုင်တယ်လို့ သိရပါတယ်။ ၎င်းတို့ ကုမ္ပဏီအနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သည်များကို မဖော်ပြခဲ့ဖူးဘဲ ဖျော်ဖြေရေး သက်သက်ကိုသာ ရိုက်ကူး တင်ဆက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်သည် အခုချိန်ထိ ဘယ်အလုပ်ပဲလုပ်လုပ် ဖုံးဖိလုပ်တတ်သူ မဟုတ်ပါ။ ဘယ်သူနဲ့ ပူးပေါင်းလုပ်တယ် ဘယ်လိုလုပ်တယ်ကအစ၊ ဘယ်မီဒီယာမှ မေးမေး အမှန်အတိုင်း ပြည့်ပြည့်စုံစုံ ဖြေကြားသူဆိုတာ နာမည်ကြီး မီဒီယာတခုမှာ ဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါးမှာ ကိုယ်တိုင်ကိုယ်ကျ ဖြေကြားခဲ့တာကို တွေ့ရမှာပါ။ Myanmar Media 7 နှင့် ကျနော်တို့ ဦးဆောင်တဲ့ Media လုပ်ငန်းတိုင်း တခါမှ နိုင်ငံရေးနှင့်ပတ်သတ်ပြီး မဖော်ပြဖူးသလို ဖျော်ဖြေရေးသက်သက်ကိုသာ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်”
“အဲဒါကြောင့်လည်း နိုင်ငံရေးခံယူချက် ပြင်းထန်သည့် အနုပညာရှင် သူငယ်ချင်း တော်တော်များများနှင့်လည်း စိတ်ရှင်းရှင်းဖြင့် အလုပ်လုပ်နိုင်၊ အနုပညာအလုပ်များစွာ ဖန်တီးနိုင်ခဲ့တာပါ။ ကောင်းမွန်တဲ့ မိတ်ဆွေ သူငယ်ချင်း ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ခဲ့ပါတယ်” လို့ ကိုဝေမင်းမောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ဖေဖော်ဝါရီ ၃ ရက်နေ့က ဖြေရှင်းခဲ့ပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဖြန့်ချိ ထုတ်လုပ်ခဲ့ပြီး၊ Stellar Seven ကုမ္ပဏီကတော့ အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းများကို လုပ်ကိုင်တဲ့ ကုမ္ပဏီ တခုပဲ ဖြစ်ပါတယ်။
You may also like these stories:
မြန်မာ့စစ်ခေါင်းဆောင် ၁၀ ဦးကို အမေရိကန် ဒဏ်ခတ်အရေးယူ
“အဓမ္မ အာဏာသိမ်းတာကို မကြိုက်လို့ ဆန္ဒပြတာပါ”လို့ ထက်ထက်ထွန်း ဆို
“အာဏာသိမ်းမှုကြောင့် ကျနော်တို့ခေတ်မှာ အနာဂတ် မဲ့ပြီးပြီ”