မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး စစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တဲ့ အနေနဲ့ ပြည်သူများဟာ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို နိုင်ငံတဝှမ်းမှာ ထုတ်ဖော် ပြသနေပါတယ်။ ပြည်သူတွေနဲ့အတူ အစိုးရဝန်ထမ်းများ၊ အနုပညာရှင်များလည်း ပါဝင်လာကြပြီး Civil Disobedience Movement – CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကို လုပ်ဆောင်လာကြပါတယ်။
CDM ကို ထောက်ခံကြတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် နီနီခင်ဇော်လည်း ပါဝင်ပြီး၊ ဆရာဝန်ဘွဲ့ ရရှိထားတဲ့ နီနီခင်ဇော်က CDM ကြောင့် ဆေးရုံ မသွားရတဲ့ လူနာတွေအတွက် အခမဲ့ ကုသပေးနေတဲ့ ဆေးခန်းမှာ ဆေးအကူအဖြစ် ကူညီနေတယ်လို့ ဆိုပါတယ်။
“နီနီ Medical Practice မလုပ်တာ ၈ နှစ် ရှိပါပြီ။ အစိုးရဝန်ထမ်း မဟုတ်လို့ CDM ကို ကိုယ်တိုင် ပါဝင်ခွင့်မရခဲ့လို့ တတ်သိထားတဲ့ ပညာနဲ့ CDM ကို ဦးဆုံး ပါဝင်ခဲ့တဲ့ ကျမ သူငယ်ချင်း ဒေါက်တာ ထွန်းစရဲ့ CDM ကြောင့် ဆေးရုံ မသွားရတဲ့ လူနာတွေကို အခမဲ့ ကုသ ကူညီပေးနေတဲ့ ဆေးခန်းမှာ ဒီနေ့ ဆေးအကူအဖြစ်သာ ကူညီခွင့်ရခဲ့ပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။
ဆက်လက်ပြီး နီနီခင်ဇော်က ဆရာဝန်ဖြစ်သော်ငြား အခြားအလုပ်လုပ်သူများ ဆေးကုသခွင့်လိုင်စင် ရကြပေမယ့် အနုပညာအလုပ် လုပ်သူများ ဆမ မရတဲ့အပေါ် အခုလိုပဲ ဆိုပါတယ်။
“စကားကြုံတုန်း ပြောချင်တာက အနုပညာအလုပ် လုပ်လို့တဲ့။ မဆီမဆိုင် တနှစ်တတန်း အောင်ပြီး ဘွဲ့ရပါလျက် ဆေးကုသခွင့်လိုင်စင် ဆမ ထုတ်မပေးခဲ့တဲ့ ဆေးကောင်စီကိုလည်း တပါတည်းပြောချင်တာက မြန်မာပြည် တခုတည်းမှာပဲရှိတဲ့ မမျှတတဲ့ စည်းကမ်းတွေကိုလည်း ပြင်စေချင်ပါပြီ။ ဘက်စုံထူးချွန်လာမယ့် နောက်မျိုးဆက် အတွက်ပါ။ ဆရာဝန် ဖြစ်သော်ငြား အခြားအလုပ်လုပ်သူများ ဆမ ရကြပါတယ်။ အနုပညာ အလုပ်တခုသာ မပေးတာပါ”လို့ နီနီခင်ဇော်က ဆိုပါတယ်။
ထစ်ခနဲဆို ဆရာဝန် အနုပညာရှင်တွေက ကျန်းမာရေး အသိပေးအနေနဲ့ ပြည်သူ့ထံ ရှေ့ဆုံး ထွက်ရပြီး လက်ရှိ အခြေအနေမှာတော့ CDM က အရေးကြီးဆုံးပဲလို့ ဆိုပါတယ်။
“နောက်တခု ပြောချင်တာက ထစ်ခနဲဆို ဆရာဝန် အနုပညာရှင်တွေဟာ ကျန်းမာရေး အသိပေးအနေနဲ့ ပြည်သူ့ထံ ရှေ့ဆုံးက ထွက်ရတာပါ။ အရေးကြီးတာကတော့ CDM တွေ တနိုင်ငံလုံး အမြန်ဆုံးအောင်မြင်ရပါမယ်။ မဟုတ်ရင် နစ်နာရတဲ့သူတွေဟာ ပြည်သူတွေသာ ဖြစ်ပါလိမ့်မယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။
CDM ကာလအတွင်း နီနီခင်ဇော်က ဆေးခန်းမှာ တပတ် ၂ ရက် ထိုင်ပေးမှာ ဖြစ်ပြီး၊ သူကိုယ်တိုင် ဆေးခန်းထိုင်တဲ့ ရက်များမှာ လာပြသမျှ ဆေးဖိုးဝါးခတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
“CDM လုပ်ပေးကြတဲ့ ကိုထွန်းစ အပါအဝင် ကျမ သူငယ်ချင်း ဆရာဝန်များ၊ CDM ကို Support ပေးသော အခမဲ့ ဆေးရုံ ဆေးခန်းများ၊ ဝန်ထမ်းများအားလုံးကို လေးစား ဦးညွှတ်လျက်။ CDM ကာလအတွင်း ဆေးခန်း တပတ် ၂ ရက် ထိုင်ကူပေးပါမယ်။ နီနီ ထိုင်တဲ့ ရက်တွေ လာပြသမျှ ဆေးဖိုးဝါးခတွေ ဒါနပြုပေးပါမယ်ရှင်”လို့ နီနီခင်ဇော်က ပြောထားပါတယ်။
အဆိုပါ အကြောင်းအရာတွေကို နီနီခင်ဇော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောပြထားတာဖြစ်ပြီး၊ နီနီခင်ဇော်ဟာ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေသူ ဖြစ်ပါတယ်။ နီနီခင်ဇော် ပါဝင် ကူညီမယ့် ဆေးခန်းကတော့ မြောက်ဥက္ကလာပမြို့နယ်ရှိ “ရွှေ ဆေးခန်း” လို့ သိရပါတယ်။
You may also like these stories:
“အဓမ္မ အာဏာသိမ်းတာကို မကြိုက်လို့ ဆန္ဒပြတာပါ”လို့ ထက်ထက်ထွန်း ဆို
“အာဏာသိမ်းမှုကြောင့် ကျနော်တို့ခေတ်မှာ အနာဂတ် မဲ့ပြီးပြီ”