Entertainment

“ဗိုလ်ချုပ်မွေးနေ့ကို လိပ်ပြာသန့်သန့် ဂုဏ်ယူပါတယ်”

ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရယူပေးခဲ့တဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ရောက်ပေမယ့် လက်ရှိ မြန်မာနိုင်ငံ တဝှမ်းမှာ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်နေကြပါတယ်။

ပြည်သူတွေ ဆန္ဒဖော်ထုတ်နေကြသလို၊ ရုပ်ရှင်ဘက်မှ အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဂီတနှင့် သဘင်မှ အနုပညာရှင်များကလည်း ဆန္ဒဖော်ထုတ်နေကြပါတယ်။ ဗိုလ်ချုပ်မွေးနေ့နဲ့ ပတ်သက်ပြီး အနုပညာရှင်များက ဧရာဝတီကို အခုလိုပဲ ဖြေကြားထားပါတယ်။

တင်မောင်ဆန်းမင်းဝင်း (ဇာတ်မင်းသား)

ကျနော်တို့ အနုပညာရှင်တွေကလည်း ထိထိရောက်ရောက် ရှိမယ့်အရာမျိုးနဲ့ အာဏာသိမ်းတာကို ပြန်တော်လှန်သွားမှာပါ။ ဗိုလ်ချုပ်မွေးနေ့လည်းရှိတော့ အဲ့အတွက် လှုံ့ဆော်မှုတွေ တခုပြီးတခု လုပ်သွားမှာပါ။ ပြည်သူတွေကလည်း ကူညီပေးပါလို့ ပြောချင်ပါတယ်။

အရိုင်း (ဟာသ သရုပ်ဆောင်)

လူတယောက်မှာ မွေးနေ့ဆိုတာ အထွတ်အမြတ်ပဲ။ ကျနော်တို့ရဲ့ လွတ်လပ်ရေးဖခင်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဟာ ကျနော်တို့အတွက်တော့ ဒီလိုနေ့မျိုးကို ဂုဏ်ယူရမှာပဲ။ ဂုဏ်မယူထိုက်ဘူးလို့ ဆိုတဲ့သူတွေ ဂုဏ်မယူထိုက်ရင် မယူပါနဲ့။ ဒါသူတို့ လွတ်လပ်ခွင့်နဲ့ သူတို့ပါ။ ကျနော်တို့လည်း ကျနော်တို့ ခံယူချက်နဲ့ ကျနော်တို့ပါ။ ကျနော်တို့ကတော့ လိပ်ပြာသန့်သန့်နဲ့ ဂုဏ်ယူပါတယ်။ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်သမီး ချုပ်နှောင်ခံရတာတော့ စိတ်မကောင်းဘူး။

သားညီ (သရုပ်ဆောင်၊ ဒါရိုက်တာ)

ဗိုလ်ချုပ်ကို အားနာဖို့လည်း ကောင်းတယ်။ ရှက်ဖို့လည်း ကောင်းတယ်။ ဗိုလ်ချုပ် တယောက်စာလောက်တောင် ကျနော်တို့ မလုပ်နိုင်ကြသေးဘူး။ ဗိုလ်ချုပ် ကျနော်တို့အပေါ် တင်နေတဲ့ ကျေးဇူးအကြွေးကို ကျေအောင် ဆပ်ပါမယ်လို့။

ထက်ထက်ထွန်း (အလှမယ်၊ သရုပ်ဆောင်)

အခုလို ဖြစ်နေပေမယ့် တိုက်ဆိုင်တယ်လို့တော့ ပြောလို့မရပါဘူး။ ဗိုလ်ချုပ်မွေးနေ့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ရှိရှိ၊ မရှိရှိ အခုလို အာဏာသိမ်းတာကို ပြည်သူပြည်သားတွေက လက်မခံတာပါ။ နိုင်ငံ တနိုင်ငံလုံးကို အဓမ္မ ကျင့်တာကို ဆန့်ကျင်တာပါ။ ဗိုလ်ချုပ်မွေးနေ့ ရောက်မှ စိတ်ဓာတ်တွေ တက်ကြွတာ မဟုတ်ပါဘူး။ ပြည်သူ တဦးတယောက်ချင်းကို ထိခိုက်နေတာကို ဆန့်ကျင်နေတာပဲ ဖြစ်ပါတယ်။

You may also like these stories:

“အဓမ္မ အာဏာသိမ်းတာကို မကြိုက်လို့ ဆန္ဒပြတာပါ”လို့ ထက်ထက်ထွန်း ဆို

CDM ကာလအတွင်း လူနာတွေအတွက် အခမဲ့ ဆေးခန်းမှာ ကူညီမယ့် နီနီခင်ဇော်

CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ကြဖို့ ရွှေသမီး တောင်းဆို

Loading