သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်ကတော့ ဒီအချိန်မှာ ပါတီစွဲ မလုပ်ရဘူးလို့ ဝေဖန်သူအချို့ လူမှုကွန်ရက်မှာ ပြောကြတဲ့အပေါ် သူလေးစားရတဲ့ ပါတီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီလို့ ပြောပါတယ်။
“ဒီအချိန်မှာ ပါတီစွဲ မလုပ်ရဘူးတဲ့။ သက်မွန်ကို ကွန်မန့်မှာ လာပြောတယ်။ သက်မွန် လေးစားရတဲ့ အမေစုက NLD ဆိုမှတော့ ကိုယ်လည်း NLD ပေါ့။ ရှင်းနေတာကို။ တခြား ဘယ်ပါတီကများ သူ့လောက် လေးစား အားကိုးစရာ ရှိလို့လဲဟင်။ စဉ်းစားကြည့်ပါ”လို့ သက်မွန်မြင့်က ပြောပါတယ်။
ဆက်လက်ပြီး ကမ္ဘာတဝန်းက လေးစားချစ်ခင်ရတဲ့ ခေါင်းဆောင်နဲ့ တကမ္ဘာလုံးက ဝိုင်းရှုတ်ချခံနေရတဲ့သူ၊ ဘယ်ခေါင်းဆောင်အောက်မှာ နောက်လိုက်ဖြစ်ချင်လဲလို့ မေးခွန်း ထုတ်ထားပါတယ်။
“ကမ္ဘာတဝန်းက လေးစား ချစ်ခင်ရတဲ့၊ မျက်နှာချီ ရင်ကော့ပြီး လျှောက်နိုင်တဲ့သူ၊ အရည်ချင်း ပြည့်လျှံနေလို့ကို ယုံကြည်မှုအပြည့်နဲ့ လျှောက်ရဲတာနဲ့ ပြည်တွင်းမက တကမ္ဘာလုံးက ဝိုင်းလက်ညှိုးထိုး ရှုတ်ချခံရသူ၊ ဘယ်ခေါင်းဆောင်အောက်မှာ သင် နောက်လိုက်ဖြစ်ချင်သလဲ။ ရာစုတွေနဲ့ ချီပြီး အုပ်ချုပ်မှုမှာ ပြည်သူကလွဲ သူတို့ ချမ်းသာသွားတာနဲ့၊ သူတို့ကလွဲ ပြည်သူ ချမ်းသာသွားတာ။ ဒါတောင် ၅ နှစ်တည်းနော်။ ဘယ်သူ့ကို သင် ယုံကြည်မလဲ”လို့ သက်မွန်မြင့်က ပြောပါတယ်။
အကြောက်တရားတွေနဲ့ ရှင်သန်ရတဲ့ ဘဝကို ရွေးချယ်ချင်လား၊ အဲဒီ ဘဝကို မလိုချင်ဘူးဆိုရင် အရေးတော်ပုံ အောင်နိုင်ရေးမှာ တတ်နိုင်သလောက် ပါဝင်ပါလို့ ဆိုပါတယ်။

“မေတ္တာတရား ကြီးမားပြီး ပြည်သူသည်သာ အဓိကဆိုတဲ့သူနဲ့ သူ့တဘို့ အတ္တတွက် သန်းချီပြည်သူ ပူဆွေးသောက ဒုက္ခရောက်စေသူ ဘယ်သူက သင့်ကောင်းကျိုးကို ဆောင်ကြဉ်းပေးမယ်လို့ ယုံကြည်သလဲ။ အခုလည်း လက်တွေ့ မြင်နေရတယ်မလား”
“အကြောက်တရားတွေနဲ့ ရှင်သန်ရတဲ့ ဘဝ ရွေးချင်သေးလား။ ဖိနှိပ်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ အဓမ္မတွေနဲ့ ရှင်သန်ရမယ့် ဘဝကို မလိုချင်တော့ဘူးဆိုရင် ဒီအရေးတော်ပုံ အောင်ရေး သင်တတ်နိုင်တဲ့ဘက်က ပါဝင်ပေးပါ။ အဓိက သော့ချက် CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ပါ”လို့ သက်မွန်မြင့်က ပြောပါတယ်။
ဆက်လက်ပြီး “CDM လုပ်ပြီး သူရဲကောင်းအဖြစ် မှတ်တမ်း အတင်ခံမလား။ နိုင်ငံ့သူပုန် အားပေးအဖြစ် မျက်နှာအငယ်ခံမလား၊ အခွင့်အရေးဆိုတာ ၂ ခါပြန် မရဘူးနော်”လို့ သက်မွန်မြင့်က ပြောပါတယ်။
သက်မွန်မြင့်ကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောပြထားတာဖြစ်ပြီး၊ သက်မွန်မြင့်ဟာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာလည်း ပြည်သူတွေ ပါဝင်ကြဖို့ တိုက်တွန်း နှိုးဆော်ပေးလျက် ရှိပါတယ်။
You may also like these stories:
“ဗိုလ်ချုပ်မွေးနေ့ကို လိပ်ပြာသန့်သန့် ဂုဏ်ယူပါတယ်”
“ပြည်သူတွေ လိုလားတာ ဒီမိုကရေစီ စနစ်ပါ” လို့ ဖိုးချစ် ဆို