မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့အပေါ် သရုပ်ဆောင် မင်းမော်ကွန်းက အာဏာသိမ်းတာ ဥပဒေနဲ့ မညီဘဲ တရားလက်လွတ် လုပ်သွားတာပါလို့ ပြောပါတယ်။
“အာဏာသိမ်းတာ ဥပဒေနဲ့ မညီပါဘူး။ တရားလက်လွတ် လုပ်သွားတာပါ။ သူ့တို့တွေ ကြိုတင်ပြီး အစီအစဉ်တွေ ချထားတယ်ဆိုတာ သိသာပါတယ်။ ကျနော်တို့ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်း သွားနေတာက နေပြီးတော့ အခုလို သွေဖယ်သွားတာမျိုးကိုလည်း ကျနော်တို့ လုံးဝ လက်မခံပါဘူး”လို့ မင်းမော်ကွန်းက ပြောပါတယ်။
ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရဟာ NLD အစိုးရဖြစ်ပြီး ဒီလို ပြောရခြင်းဟာ ပါတီစွဲ မပါဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ တင်မြှောက်ထားတဲ့ အစိုးရသည် NLD အစိုးရ ဖြစ်ပါတယ်။ ကျနော် ဒီလို ပြောရတာကလည်း NLD ပါတီဝင်မို့လို့လည်း မဟုတ်ပါဘူး။ အဓိကက ပါတီစွဲ မပါပါဘူး။ နိုင်ငံရေး မသိပါဘူး။ ကျနော်သိတာ တခုပဲ ရှိပါတယ်။ မတရားတာပါ။ ပုဂ္ဂိုလ်ရေး မပါပါဘူး”လို့ မင်းမော်ကွန်းက ပြောပါတယ်။
ငယ်စဉ်ကဖြစ်ခဲ့သလို သတင်းအမှောင်ချခံရပြီး၊ နိုင်ငံတကာနဲ့ အဆက်အသွယ် မရတာမျိုး သားသမီးတွေ လက်ထက်မှာ မဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ ငယ်ငယ်ကတည်းက မျှော်လင့်ချက် မဲ့လာခဲ့တာ။ အဲ့ဘေးက လွတ်တာ ၅ နှစ်ကာလပဲ ရှိသေးတယ်။ ပြီးလည်းပြီးရော ကျနော်တို့ ငယ်ငယ်တုန်းကလို ပြန်ဖြစ်သွားတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက မတရားအနိုင်ကျင့်တာ ခံရသလို၊ သတင်းအမှောင်ချခံထားရသလို၊ နိုင်ငံတကာနဲ့ အဆက်အသွယ် မရသလို ကျနော်တို့ သားသမီးတွေ လက်ထက် အဖြစ်မခံချင်ပါဘူး။ ကျနော်ကတော့ ပြတ်ပြတ်သားသား တော်လှန်ပါတယ်။ လုံးဝလည်း မကျေနပ်ပါဘူး”လို့ မင်းမော်ကွန်းက ပြောပါတယ်။
ညီညီညွတ်ညွတ်နဲ့ အာဏာရှင် စနစ်ကို တိုက်ထုတ်နေတဲ့ ပြည်သူအားလုံးကို လေးစားတယ်လို့ ဆိုပါတယ်။
“ချစ်ပရိသတ်တွေ အားလုံး ညီညီညွတ်ညွတ်နဲ့ အာဏာရှင် စနစ်ကို တိုက်ထုတ်နေတဲ့ ပြည်သူအားလုံးကို လေးစားပါတယ်။ အားလည်း ကိုးပါတယ်။ ကျနော်တို့ ခေတ်နဲ့ မတူဘူး။ တကယ် စည်းကမ်းရှိတယ်။ နည်းဗျူဟာ ပေါင်းစုံ သုံးတယ်။ ကျနော်တို့ ဒီတိုက်ပွဲကိုလည်း မနိုင်နိုင်အောင် တိုက်မယ်လို့ ဆုံးဖြတ်ထားပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။
You may also like these stories:
ဆန္ဒပြပွဲတွေမှာ ပါဝင်လာတဲ့ မြန်မာ ပင့်ကူလူသားများ
“ဗိုလ်ချုပ်မွေးနေ့ကို လိပ်ပြာသန့်သန့် ဂုဏ်ယူပါတယ်”
“အကြောက်တရားနဲ့ ဘဝကို မလိုချင်ရင် CDM လုပ်ပါ”လို့ သက်မွန်မြင့် ဆို