မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာ သိမ်းလိုက်တာကြောင့် ပြည်သူတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြပွဲအတွင်း သေနတ်နဲ့ ပစ်ခတ်မှု ရှိခဲ့တဲ့အပေါ် အနုပညာရှင်များက အခုလိုပဲ ဆိုကြပါတယ်။
မင်းမော်ကွန်း
ပစ်မိန့်တွေ ပေးတယ် ဆိုတာ ရှင်းပါတယ်။ သူတို့မှာ လက်နက်ရှိလို့ လက်နက် အားကိုးတာပေါ့။ ကျနော်တို့ဆီမှာတော့ ဘာလက်နက်မှ မရှိပါဘူး။ ကျနော်တို့ဆီမှာ ယုံကြည်ချက်ပဲ ရှိပါတယ်။
ထက်ထက်ထွန်း
ပစ်မိန့် ပေးတာတော့ ပြည်သူ တယောက်ချင်းတိုင်းအတွက် တကယ်ကို စိတ်မကောင်းဘူး။ မဖြစ်သင့်ပါဘူး။ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း သတ်မှတ်ထားတဲ့ ဥပဒေ စည်းဘောင်ထဲကနေ စည်း ၃ စည်း မကျော်နဲ့ဆို စည်း ၃ စည်း မကျော်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြတာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြချိန်မှာ ပြည်သူတွေထဲကို ပစ်မိန့်ဆိုတာမျိုးတွေ၊ လက်နက် ကြိုချိန်ထားတာမျိုးတွေ မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ထက်တို့တွေလည်း အမုန်းတရား မရှိပါဘူး။ ထက်တို့လည်း ပြည်သူတွေပါ။ စစ်တပ်တွေ၊ ရဲတွေလည်း ပြည်သူတွေပါပဲ။ တနိုင်ငံလုံး တိုးတက်ရင် သူတို့လည်း တိုးတက်မှာပါ။ တိုးတက်ရေးလမ်းကြောင်း အတူတူ သွားဖို့အတွက် လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်းကြပါ။
ရွှေသမီး
ပြည်သူတယောက်အနေနဲ့ ပစ်မိန့်တွေ ပေးတာတော့ မကျေနပ်ဘူးပေါ့။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတာဖြစ်တဲ့အတွက် ဆက်လက်ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြရမယ်။ နိုင်ငံတော် အကြီးအကဲတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရမယ်။
နန်းခင်ဇေယျာ
ငြိမ်းချမ်းစွာ ဆန္ဒပြတာ ကောင်းတယ်။ အဲဒါကို ပစ်မိန့်တော့ မပေးသင့်ပါဘူး။ နေပြည်တော်မှာ အပြစ်မဲ့တဲ့ ညီမလေးတယောက် ကွယ်လွန်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ စည်းမကျော်ဘဲနဲ့ ပစ်လိုက်တော့ ထိသွားတော့ စိတ်မကောင်းဘူး။
နန်းဆုရတီစိုး
ပစ်မိန့်တွေ ပေးတာ ရင်နင့်အောင် ခံစားရပါတယ်။ နန်းဆုတို့ ပြည်သူတွေဟာ လက်နက်မဲ့တဲ့ ပြည်သူတွေပါ။ ပြည်သူတွေ အားလုံးက ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်နေကြတာပါ။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို လက်နက်နဲ့ ပစ်ခတ်တာတော့ မလုပ်စေချင်ပါဘူးရှင်။
You may also like these stories:
ဗဟိုဘဏ် ဝန်ထမ်းများ CDM မှာ ပါဝင်ကြဖို့ အနုပညာရှင်များ မေတ္တာရပ်ခံ
အနုပညာရှင် မျိုးဆက်သစ်တွေရဲ့ လက်ရှိ နိုင်ငံရေးအပေါ် သဘောထား
“အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တော်လှန်ပါတယ်”လို့ မင်းမော်ကွန်း ဆို