မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းမှုအပေါ် သရုပ်ဆောင် လွင်မိုးက ပြည်သူတွေ မဲပေးထားတဲ့ ခေါင်းဆောင်ကို အလွယ်တကူ အာဏာသိမ်းလိုက်တဲ့အတွက် မလိုလားလို့ ဆန္ဒပြရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့တွေ မဲပေးထားတာ မှင်အမည်းလေးတောင် မပျောက်သေးပါဘူး။ ကျနော် မဲပေးထားတဲ့ ခေါင်းဆောင်၊ မဲပေးထားတဲ့ သမ္မတကို အရမ်းလွယ်ကူတဲ့ နည်းလမ်းတွေနဲ့ အာဏာသိမ်းလိုက်တဲ့အတွက် ကျနော်တို့တွေ မလိုလားလို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်”လို့ လွင်မိုးက ပြောပါတယ်။
လက်ရှိ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ယနေ့ခေတ် လူငယ်တွေ ပါဝင်လာတဲ့အပေါ် ဝန်းရံပေးရမယ်လို့ လွင်မိုးက ဆိုပါတယ်။
“အခုတော့ ရင်ထဲက ခံစားချက်တွေကို ဖော်ထုတ်ပေးမယ့် လူငယ်တွေက ပညာတတ် ကလေးတွေ၊ သူတို့လေးတွေ သန့်သန့်လေးတွေ၊ ကျနော်တို့ သမီးအရွယ်လေးတွေ ဖြစ်တဲ့အတွက် ကျနော်တို့ နိုင်ငံရေးကို စိတ်ပါသည် ဖြစ်စေ၊ အသက်အရွယ်ကြီးသည်ဖြစ်စေ ကျနော်တို့ ဘယ်လိုမှ အိမ်မှာနေလို့ မရပါဘူး။ သူတို့ကို ကျနော်တို့ ဝန်းရံပေးရပါမယ်။ ပံ့ပိုးပေးရပါမယ်”
“တနိုင်ငံလုံး၊ တကမ္ဘာလုံး လှုပ်ရှားမှုတွေ ပြင်းထန်လာမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဘဝတွေ ရိုက်ချိုးခံ လိုက်ရတဲ့အတွက် ရင်ထဲက ခံစားချက်တွေကြောင့် ကျနော်တို့ အနုပညာသမားတွေကလည်း ပြည်သူလူထုနဲ့အတူ ဆန္ဒဖော်ထုတ်သွားမှာပါ”လို့ လွင်မိုးက ပြောပါတယ်။
ဆန္ဒပြပွဲတွေမှာ လက်နက်နဲ့ ပစ်ခတ်မှုတွေ ရှိတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
“အခုလို အာဏာသိမ်းတာကို တကမ္ဘာလုံးကလည်း လက်မခံဘူး။ ဘယ်သူ့မှလည်း လက်မခံဘူး။ နောင်လာမယ့် မျိုးဆက်တွေ ကောင်းဖို့အတွက် တနိုင်ငံလုံးက တွန်းလှန်နေတာ ဖြစ်ပါတယ်။ ပစ်ခတ်ခံရတာတွေ ရှိတော့ အရမ်း စိတ်မကောင်း ဖြစ်ရတယ်”လို့ လွင်မိုးက ပြောပါတယ်။
သမီးဖြစ်သူ ယွန်းဝတီလွင်မိုးကလည်း သြစတေးလျမှာ ဆန္ဒဖော်ထုတ်ပေးသလို ဖခင်ဖြစ်သူကို ပြန်ရှင်းပြတယ်လို့ လွင်မိုးက ဆိုပါတယ်။
“ခေးတို့က ကျနော်တို့ကို ပြန်ရှင်းပြနေတယ်။ ကမ္ဘာမှာ ဘာတွေ ဖြစ်သွားနိုင်တယ်။ ဒယ်ဒီတို့ ဘာတွေ လုပ်ရမယ်။ ကလေးတွေ အကုန်လုံးရဲ့အမြင်တွေက ထက်မြက် စူးရှတဲ့ အမြင်တွေ ဖြစ်နေပါပြီ။ တချို့ကိစ္စတွေမှာ ကျနော်တို့က သူတို့နောက်တောင် လိုက်နေရတာ ရှိပါတယ်”လို့ လွင်မိုးက ပြောပါတယ်။
သရုပ်ဆောင် လွင်မိုးကတော့ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေပြီး ပြည်သူ့ဝန်ထမ်းများကိုလည်း Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ကြဖို့ တိုက်တွန်းလျက် ရှိပါတယ်။
You may also like these stories:
လက်နက်မဲ့ ပြည်သူတွေကို မပစ်ခတ်ဖို့ အနုပညာရှင်များ တောင်းဆို
ဗဟိုဘဏ် ဝန်ထမ်းများ CDM မှာ ပါဝင်ကြဖို့ အနုပညာရှင်များ မေတ္တာရပ်ခံ
အနုပညာရှင် မျိုးဆက်သစ်တွေရဲ့ လက်ရှိ နိုင်ငံရေးအပေါ် သဘောထား