ပြီးခဲ့တဲ့ရက်ပိုင်းက “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြတဲ့ထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်ရဲ့ မြန်မာဝတ်စုံနဲ့ ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများပြီး သဘောကျ နှစ်သက်ခဲ့ကြပါတယ်။
“ကျမ ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက အမေစုကို လေးစားအားကျခဲ့သူပါ။ အမြဲ အမေ့လို မြန်မာဆန်ဆန် ဝတ်ချင်တာပေါ့။ ဒါပေမဲ့ အခုလို ဆန္ဒတွေ ဖော်ထုတ်နေတဲ့အချိန် အခြေအနေအရ ဝတ်သင့်တဲ့အချိန် ကျမ ဝတ်တယ်။ တခြားအချိန်တွေလည်း ရာသီဥတု အပူနဲ့ အပြင်မှာ အကြာကြီး ဟိုသွားဒီသွား၊ ဟိုပြေးရဒီပြေးရ၊ ဟိုလမ်းကူး ဒီလမ်းကူး လုပ်နေရတဲ့အတွက် ကျမအတွက် ပေါ့ပါးတာကို ဝတ်ရပါတယ်။ အဲဒီအတွက် နားလည်ပေးပါ။ အမေစုလို ပုံစံပြင်ဆင်ပြီး မြန်မာဆန်ဆန် အမြဲ မဝတ်ထားနိုင်တာကို ခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်ရှင်” လို့ မြနှင်းရည်လွင်က ပြောပါတယ်။

အဆိုပါ ဆန္ဒပြမှုကိုတော့ MRTV-4 မှ သရုပ်ဆောင်များက စုစည်းကာ မြန်မာအင်္ကျီများ ဝတ်ဆင်၍ ဖမ်းဆီးခံထားရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမြဲတမ်း ပန်းပန်နေနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

“နှိုင်းယှဉ်လို့ ဘယ်လိုမှ မရတဲ့ အမေစုကို ကျမ အတုမခိုးသလို ဆံပင်ပုံ၊ အဝတ်အစားကြောင့် ဆင်သွားတာမျိုးပဲ ရှိပါတယ်။ ဒါကြောင့်လည်း အခုလို ထူးခြားအောင် ဝတ်ဆင်တာပါ။ အဲ့တော့ ထိရောက်တဲ့နည်းတွေ စဉ်းစားပြီး ကျမတို့တွေ ဆန္ဒဖော်ထုတ်နေရတဲ့အတွက် အမှားပါခဲ့ရင်လည်း သည်းခံခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်” လို့ မြနှင်းရည်လွင်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲ သရုပ်ဆောင်တွေအနေနဲ့လည်း ဆန္ဒထုတ်ဖော်မှုများ စတင်စဉ်ကတည်းက လမ်းပေါ်မှာ ပဋ္ဌာန်းရွတ်ဖတ်ခြင်းများ၊ တရားထိုင်ခြင်း၊ အမျှဝေခြင်းစတဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းများကို ဘယ်သူ့ကိုမှ ထိခိုက်ခြင်း မရှိဘဲ လုပ်နေတာ ဖြစ်ပါတယ်။
အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများကိုတော့ နေ့စဉ် ရက်ဆက်လိုလို ပြုလုပ်နေကြပြီး အနုပညာရှင်များကလည်း ပြည်သူထဲက ပြည်သူဖြစ်တဲ့အတွက် ပါဝင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
“ဆန္ဒပြပွဲတွေမှာ ပညာတတ် လူငယ်တွေ ပါဝင်လာတဲ့အတွက် ဝန်းရံပေးရမယ်”
လက်နက်မဲ့ ပြည်သူတွေကို မပစ်ခတ်ဖို့ အနုပညာရှင်များ တောင်းဆို
ဗဟိုဘဏ် ဝန်ထမ်းများ CDM မှာ ပါဝင်ကြဖို့ အနုပညာရှင်များ မေတ္တာရပ်ခံ