အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတဝှမ်းမှ အစိုးရ ဝန်ထမ်းများဟာ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်လာကြပြီး၊ CDM မလုပ်ရသေးသူများကိုလည်း ပါဝင်လာကြဖို့ ပြည်သူများနဲ့ အနုပညာရှင်များက တိုက်တွန်း ဆောင်ရွက်လျက် ရှိပါတယ်။
အနုပညာရှင်တွေထဲက တဦးဖြစ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကလည်း လွန်ခဲ့တဲ့ ၃၃ နှစ်၊ ၁၉၈၈ ခုနှစ်က CDM ကျရှုံးသွားတဲ့ နောက်ဆုံးအထိ တောင့်ခံခဲ့တဲ့ ဝန်ထမ်းမိဘ နှစ်ဦးရဲ့ မျိုးဆက်ဖြစ်တာကြောင့် ကိုယ်တွေ့ အသိဆုံးလို့ ပြောပါတယ်။
“CDM ဘယ်လောက် အရေးကြီးတယ်ဆိုတာကို လွန်ခဲ့တဲ့ ၃၃ နှစ်က CDM ကျရှုံးသွားတဲ့ နောက်ဆုံးနေ့အထိ တောင့်ခံလုပ်ခဲ့တဲ့ ဝန်ထမ်းမိဘ နှစ်ယောက်ရဲ့ မျိုးဆက်မို့ ကိုယ်တွေ့အသိဆုံးပါ။ အဲဒီခေတ်က ခုလို CDM Support group တွေ၊ အွန်လိုင်းနဲ့ မိုဘိုင်းဖုန်း ချိတ်ဆက်တာတွေ၊ ပြည်သူက အကူအညီပေးတာတွေ မရှိသေးတော့ ပိုခက်ခဲခဲ့ပါတယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
အဲ့ခေတ်မှာတော့ အခုလို CDM ကို ထောက်ပံ့တဲ့ အဖွဲ့တွေ၊ ဆက်သွယ်ရေး ခက်ခဲမှုနဲ့ ပြည်သူအချင်းချင်း အကူအညီပေးတာတွေ မရှိသေးတာကြောင့် ပိုခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။
“ဖြူဖြူတို့ ငယ်ငယ်က ကြုံခဲ့ရတဲ့ အဖြစ်ဆိုးတွေ ထပ်မဖြစ်ဖို့ CDM ကို အဓိကထား ဝန်းရံပေးကြပါ။ ဒီအချိန်မှာ CDM သာလျှင်အမိ၊ CDM သာလျှင်အဖ။ CDM သာလျှင် ကယ်တင်ရာပါ။ အခုချိန်မှာအနုပညာသမားတွေလည်း သူတို့နဲ့ သက်ဆိုင်တဲ့ CDM ပုံစံမျိုးတွေ စလုပ်နေကြပါပြီ။ သူတို့ကိုလည်းပြည်သူဘက်က ပြန်လည်အားပေး စောင့်ရှောက်တာမျိုး ဆက်လုပ်ပေးကြပါနော်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ကိုယ်တိုင်အနေနဲ့ CDM မလုပ်ဘူးလားဆိုတဲ့ မေးခွန်းကိုလည်း ဖြူဖြူကျော်သိန်းက အခုလို ပြောထားပါတယ်။
“ဖြူဖြူရော CDM မလုပ်ဘူးလားတဲ့ မေးလာကြတယ်။ လုပ်တာပေါ့ရှင်။ CDM မိဘနှစ်ပါးက မွေးထားတာဆိုတော့ ဖြူဖြူဟာ တသက်လုံး အော်တိုမတ်တစ် မိတ်ပျက် CDM မလေး ဖြစ်နေခဲ့တာပေါ့။ အဲ့တော့ အခုချိန်မှ ကိုယ့်ဘက်က တကူးတက လုပ်စရာ မလိုတော့ဘူးလေ။ ကိုယ့်ကိုဆိုလည်း ရှောင်ကြတာ အခုမှ မဟုတ်ဘူးရယ်။ ဘာပဲဖြစ်ဖြစ် အားလုံး အတူတူ ညီညွတ်ကြမယ်နော်” လို့ ပြောပါတယ်။
အခုဆိုရင် ဝန်ထမ်းများ CDM (Civil Disobedience Movement) မှာ ပါဝင်လာရေးအတွက် နယ်ပယ်အသီးသီးမှ ပြည်သူများ၊ သရုပ်ဆောင်များ၊ ဂီတသမားများစတဲ့ အနုပညာရှင်များကလည်း လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိပါတယ်။ CDM ပြုလုပ်တဲ့ ဝန်ထမ်းများအတွက်လည်း ထောက်ပံ့မှုများ ပြုလုပ်မယ့် အစီအစဉ်တွေ စီစဉ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
You may also like these stories:
အနုပညာရှင် မျိုးဆက်သစ်တွေရဲ့ လက်ရှိ နိုင်ငံရေးအပေါ် သဘောထား
“အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တော်လှန်ပါတယ်”လို့ မင်းမော်ကွန်း ဆို
“အကြောက်တရားနဲ့ ဘဝကို မလိုချင်ရင် CDM လုပ်ပါ”လို့ သက်မွန်မြင့် ဆို