စစ်အာဏာရှင်များရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ စာရေးဆရာများနဲ့ ပတ်သက်ပြီး စာရေးဆရာမ ဂျူးက သူ့ရဲ့သဘောထား၊ ခံစားချက်များကို အခုလိုပဲ ထုတ်ဖော် ရေးသားခဲ့ပါတယ်။
“စာရေးဆရာဆိုတာ အခွင့်ထူးခံတွေ မဟုတ်ကြဘူး။ ရာထူးမလို၊ စည်းစိမ်ချမ်းသာ မလိုသူတွေပါ။ အမှန်တရားကို ပြောရဲ၊ ရေးရဲတဲ့ လမ်းပေါ်က ပြည်သူတွေပါ။ ကျမတို့ စာရေးဆရာတွေကို ဖမ်းဆီး ထိန်းသိမ်းထားတာ အခုဆို ၁၆ ရက် ရှိသွားပြီ” လို့ စာရေးဆရာမ ဂျူးက ဆိုပါတယ်။
သီချင်းတပုဒ် နားထောင်ရင်း လှုပ်ရှားမှုများကို အားတက်လာခဲ့ပြီး အလင်းရောင် သေးသေးလေးတွေ အများကြီး စုပေါင်းဖို့ လိုအပ်ကာ အချိန်သိပ်မရှိဘူးလို့ ဆိုပါတယ်။
“ပထမတော့ ဒိုင်ယာနာရော့စ်ရဲ့ “We Shall Overcome” ကို နားထောင်ရင်း လှုပ်ရှားမှုတွေကို အားပေးရင်း မျှော်လင့်ရင်း အားတက်တယ်။ နောက်တော့ Bruce Springsteen ရဲ့ “This Little Light of Mine” သီချင်းကို နားထောင်ရင်း အလင်းရောင် သေးသေးလေး တခုအဖြစ် တောက်ပ ထွန်းညှိလိုက်တယ်။ ဒါပေမဲ့ အလင်းရောင်သေးသေးလေးတွေ အများကြီး မြန်မြန် စုပေါင်းလာဖို့ လိုအပ်တယ်။ အချိန်ဆွဲနေလို့ မဖြစ်ဘူး။ ကျမတို့မှာ အချိန် သိပ်မရှိပါဘူး”လို့ ဂျူးက ဆိုပါတယ်။
ဆက်လက်ပြီး “ကောင်းပြီ။ အခုရက်တွေမှာတော့ ဂျွန်လင်နွန်ရဲ့ “Power to the People” သီချင်းကို နားထောင်ပြီး “ဒါ လိုအပ်တယ်” လို့ ကိုယ့်ကိုယ်ကိုယ် ထပ်ခါထပ်ခါ ပြောမိတယ်။ Civil Disobedience တဲ့။ အာဏာကို ဖီဆန်မယ်၊ ငြိမ်းချမ်းစွာ ဆန့်ကျင်မယ်။ ဘယ်လိုသုံးနှုန်းပြီး ပြောသည်ဖြစ်စေ၊ “မင်းအခု ချက်ချင်း လုပ်မှဖြစ်မယ်။ မင်း ရပ်မှ ဖြစ်မယ်။ ပြီးတော့ လမ်းပေါ်ကို ထွက်မှ ဖြစ်မယ်” တဲ့။ ဓမ္မသည် အဓမ္မကို အနိုင်ရမယ်လို့ ယုံကြည်တယ်။ ကျမတို့က စာရေးဆရာတွေပါ”လို့ ဆိုပါတယ်။
ဓမ္မဟာ အဓမ္မကို အနိုင်ရမယ်လို့ ဂျူးက ယုံကြည်ပြီး သူတို့ဟာ စာရေးဆရာတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်အာဏာရှင်များရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ စာရေးဆရာများဟာ စာရေးဆရာ မောင်သာချို၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ သရဝဏ်(ပြည်)၊ စာရေးဆရာ ဦးဘုန်း(ဓာတု) ၊ စာရေးဆရာ ထင်လင်းဦးတို့ပဲ ဖြစ်ပါတယ်။