မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းလိုက်တဲ့အပေါ် သရုပ်ဆောင် အရိုင်းက စစ်အာဏာရှင်ကို မကြိုက်လို့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေချိန်မှာ အာဏာသိမ်းလိုက်တာဟာ တိုင်းပြည်ရဲ့ မျက်နှာကို မကြည့်ရာ ရောက်တယ်လို့ ဆိုပါတယ်။
“စစ်အာဏာရှင်ကို မကြိုက်လို့ တွန်းလှန်ပြီး နှစ်ပေါင်းများစွာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် ကြိုးစားပမ်းစား လုပ်လာခဲ့တာ။ တိုင်းပြည်က တက်လိုက် ပြန်ကျသွားလိုက်နဲ့ ရုန်းကန်လာတာ နည်းတဲ့နှစ် မဟုတ်တော့ဘူး။ လိုအပ်တာတွေလည်း ရှိမယ်။ မလိုအပ်တာလည်း ရှိမယ်။ မှားတာလည်း ရှိမယ်။ မှန်တာလည်း ရှိမယ်”
“အမြင်တူတာတွေ မတူတာတွေ ဘေးချိတ်ပြီး အနာဂတ်မှာ တက်လာမယ့် သားတွေ၊ သမီးတွေ လက်ထဲ ကောင်းမွန်တဲ့ တိုင်းပြည်ကို ထည့်ရအောင် ကျနော်တို့ ကိုယ်တိုင် ထောင်တွေ ကျခံပြီး အနုပညာလုပ်ငန်းတွေ အပျက်အယွင်းခံ လုပ်လာခဲ့တာ။ ကျနော်တို့ထက် ပေးဆပ်တဲ့သူတွေလည်း ရှိပါတယ်။ အတိုင်းအတာတခုထိ ရှိလာပြီဆိုတဲ့ အချိန်အခါမှာမှ ဒီလို စစ်အာဏာ တတိယအကြိမ် ထပ်ပြီး အာဏာသိမ်းပြန်တယ်ဆိုတော့ ကျနော်တို့ နိုင်ငံက ဘယ်လို သွားပြီး ရှေ့ဆက် တိုးတော့မလဲ”
“အရှေ့တောင်အာရှမှာရော၊ ကမ္ဘာမှာရော အခုမှ အာရုံစိုက်လာတဲ့ အချိန်လေးကျမှ ရိုက်ချိုးခံရတာဟာ တိုင်းပြည်မျက်နှာကို မကြည့်ရာ ရောက်ပါတယ်။ အနာဂတ်ရဲ့ သားသမီးတွေ၊ မြေးတွေ၊ မြစ်တွေရဲ့ မျက်နှာကို လုံးဝ မကြည့်ဘူးလို့တော့ ယူဆတယ်။ ဘယ်အာဏာရှင် စနစ်ကိုမှ ကျနော်တို့ မကြိုက်ဘူး”လို့ အရိုင်းက ပြောပါတယ်။
၁၉၈၈ ခုနှစ်တုန်းက အဆက်အသွယ် ဖြတ်တောက်ခြင်း ခံခဲ့ရတာကြောင့် ဆင်ကန်း တောတိုးသလို လုပ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ၈၈ တုန်းက ဘာမှ မသိရဘူး။ အခုလို တနိုင်ငံနဲ့ တနိုင်ငံ၊ တယောက်နဲ့ တယောက်၊ တဖွဲ့နဲ့ တဖွဲ့ အဆက်အသွယ် လုပ်လို့မရဘူး။ အဆက်အသွယ်တွေ ဖြတ်တောက်ခြင်း ခံရတယ်။ အဲ့တုန်းက ဆင်ကန်း တောတိုးသလို ဦးရိုင်းတို့ လုပ်ခဲ့ရတယ်။ ၈၈ တုန်းက အတိုင်းအတာ တခုထိ အောင်မြင်ခဲ့တယ်။ အဲ့လိုကြောင့်လည်း ကျနော် ဒီမိုကရေစီကို ခံစားခဲ့ရသေးတယ်”
“ပြည်သူတင်းရင် မင်းမခံနိုင်ပါဘူးဆိုတဲ့ စကားရှိတယ်။ ကျနော်တို့တွေ အဲ့တုန်းက အသက်တွေ၊ ချွေးတွေ အများကြီး ပေးဆပ်ခဲ့ကြလို့ ဒီမိုကရေလမ်းကြောင်းလေးကို မြင်ခဲ့ရတယ်”လို့ အရိုင်းက ပြောပါတယ်။
၁၉၈၈ မှာ အများကြီး တွေ့ကြုံခဲ့ရတာကြောင့် ကလေးတွေ ဒုက္ခရောက်မှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။
“တကမ္ဘာလုံးကလည်း စောင့်ကြည့်နေကြတယ်။ တနိုင်ငံလုံးကလည်း ဘယ်သူမှ မတိုက်တွန်းရဘဲ ထွက်လာကြတယ်။ ညှိနှိုင်းမယ်၊ တိုင်ပင်မယ် မလုပ်ဘဲ ဇွတ်တရွတ် လုပ်ကြတယ်။ ကျနော်တို့ ၈၈ မှာ အများကြီး ကြုံခဲ့လို့ ကလေးတွေ အများကြီး ဒုက္ခရောက်မှာ စိုးရိမ်လို့ ကလေးတွေကိုလည်း မျိုးစုံသတိပေးတယ်။ ကလေးတွေလည်း သူတို့ စိတ်ပေါ့။ ကိုယ်ချင်းစာတယ်”
“ကျနော်တို့ ငယ်တုန်းကလည်း ဒီလိုပဲ ဖြစ်ကြတာ။ ဒီခေတ် ကလေးတွေကို ချီးကျူးတယ်။ သူတို့တွေ သည်းခံနိုင်စွမ်း ရှိတယ်။ သူတို့ အစွမ်းသတ္တိတွေနဲ့ လုပ်တတ်ကိုင်တတ်တယ်။ အခုလို ကလေးတွေ မှန်ကန်တဲ့ နည်းလမ်းနဲ့ ဆန္ဒဖော်ထုတ်နေတာကို ကျနော်တို့ အားပေးရမယ်။ စနစ်တကျနဲ့ သေသေချာချာလေး တွန်းလှန်ရမယ်လို့ မြင်ပါတယ်”လို့ အရိုင်းက ပြောပါတယ်။
ဟာသ သရုပ်ဆောင်၊ လူရွှင်တော် အရိုင်းကတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အနုပညာရှင်၊ ပြည်သူတဦးအနေနဲ့ တတပ်တအား ပါဝင်နေသူ ဖြစ်ပါတယ်။
You may also like these stories:
စစ်တပ်ပိုင် လုပ်ငန်းများကို ကြော်ငြာပေးမှာ မဟုတ်တော့တဲ့ အနုပညာရှင်များ