စနစ်ဟောင်းကို ကျင့်သုံးပြီး အာဏာရှင်စနစ် သွင်းတာ လုံးဝ လက်မခံဘူးဆိုတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်က ယနေ့ခေတ် Generation Z လူငယ်တွေ တွန်းလှန်တာကို အားပေးတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ရုပ်ရှင်၊ အနုပညာသမားတွေ အကုန်လုံး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြပါတယ်။ ကျနော်တို့ အသက်အရွယ်တွေကတော့ အများကြီး ကြုံဖူးတယ်။ ၁၉၆၂ ခုနှစ်လောက်က စပြီး မတရားလုပ်တာ အများကြီး ကြုံဖူးတယ်။ အခုထက်ထိလည်း စနစ်ဟောင်းကို ကျင့်သုံးပြီး စစ်အာဏာရှင် စနစ် သွင်းတာ ကျနော်တို့အနေနဲ့ လုံးဝ လက်မခံဘူး။ အခုလို Generation Z က တွန်းလှန်တာကို အားပေးပါတယ်”လို့ ညီညီထွန်းလွင်က ပြောပါတယ်။
ဆန္ဒပြပွဲအတွင်း ပစ်ခတ် ဖြိုခွင်းမှုတွေကို ရှုတ်ချပြီး၊ အထူးသဖြင့် စစ်အာဏာရှင်ကို ကူညီပေးနေတဲ့ တရုတ်ကို ရှုတ်ချတယ်လို့ ဆိုပါတယ်။
“ပစ်ခတ်မှုတွေ လုပ်နေတာကိုတော့ ရှုတ်ချပါတယ်။ အထူးသဖြင့် ကျနော် တရုတ်ကို ရှုတ်ချတယ်။ ရာဘာကြည်တွေ၊ အင်တာနက်လိုင်းတွေ ဖြတ်ဖို့တွေ တရုတ်က စစ်အာဏာရှင်ကို အကူအညီပေးနေတယ်လို့ ကြားတယ်။ လေယာဉ်တွေနဲ့ ပစ္စည်းတွေလည်း ရောက်နေတယ်လို့ ကြားတယ်။ ပင်လယ်စာတွေဆိုပြီး လိမ်ပြောတယ်။ တရုတ်ကိုလည်း ရှုတ်ချပါတယ်။ စစ်အာဏာရှင်တွေ လူစိတ်ရှိရင် ပြည်သူတွေ ဒီလို ဒုက္ခရောက်မယ့် အလုပ်လုပ်မှာ မဟုတ်ဘူး”လို့ ညီညီထွန်းလွင်က ပြောပါတယ်။
စစ်အာဏာသိမ်းတာဟာ လူငယ်တွေကို မျှော်လင့်ချက် မဲ့စေတယ်လို့ ညီညီထွန်းလွင်က ဆိုပါတယ်။
“လူငယ်တွေအတွက် မျှော်လင့်ချက်မဲ့တယ်လို့ ပြောရမယ်။ ကျနော်တို့ ရုပ်ရှင်အသိုင်းအဝိုင်းမှာ တချို့လူငယ်လေးတွေ နိုင်ငံခြားမှာ ပညာတွေသင်ပြီး ပြန်လာတယ်။ ရုပ်ရှင် ၂ ကား၊ ၃ ကားပဲ ရိုက်ရသေးတယ်။ ရုပ်ရှင်လောကကြီး တိုးတက်မလို့ ရှိသေးတယ်။ အခု ကျနော်တို့ တိုင်းပြည် အလားအလာ မကောင်းတော့ အကုန် နိုင်ငံခြား ပြန်ထွက်ဖို့ လုပ်ကုန်ကြပြီ”

“စစ်အာဏာရှင်တွေ ဆက်ရှိနေရင် ကျနော်တို့တွေ အလားအလာ မကောင်းလို့ သူတို့ကို တိုက်ထုတ်နိုင်မှ ရမယ်။ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကို အကောင်အထည် ဖော်ပေးကြပါ။ ကိုယ့်သားသမီး အရွယ်လေးတွေ တိုက်ပွဲဝင်နေချိန် တတိုင်းတပြည်လုံး ရုံးမတက်ဘဲ နေပေးလိုက်ရင် ကျနော်တို့ အောင်မြင်မှာပါ”လို့ ညီညီထွန်းလွင်က ပြောပါတယ်။
ဒါရိုက်တာ ညီညီထွန်းလွင်ဟာ လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်နေသလို၊ Civil Disobedience Movement (CDM) လှုပ်ရှားမှာ ပြည်သူ့ဝန်ထမ်းများ ပါဝင်ရေးအတွက် တိုက်တွန်း ဆောင်ရွက်နေပါတယ်။
You may also like these stories:
“အာဏာသိမ်းလိုက်တာဟာ တိုင်းပြည်ရဲ့ မျက်နှာကို မကြည့်ရာ ရောက်တယ်”
စစ်တပ်ပိုင် လုပ်ငန်းများကို ကြော်ငြာပေးမှာ မဟုတ်တော့တဲ့ အနုပညာရှင်များ
ဖမ်းဆီးခံထားရတဲ့ စာရေးဆရာများနဲ့ ပတ်သက်ပြီး ပြောလာတဲ့ စာရေးဆရာမ ဂျူး