JOOX Myanmar Appalication မှ Raefonix အဆိုတော်အဖွဲ့ရဲ့ “ငါ့လိပ်ပြာလုံတယ်” သီချင်းအား နိုင်ငံရေးသီချင်းလို့ ယူဆတာကြောင့် သူတို့ရဲ့ ပေါ်လစီနဲ့ မကိုက်ညီဟုဆိုကာ ဖြုတ်ချခဲ့ပြီး၊ JOOX ပလက်ဖောင်းမှာ နားဆင်လို့ မရတော့ကြောင်း သိရပါတယ်။
“Raefonix ရဲ့ “ငါ့လိပ်ပြာလုံတယ်” သီချင်းဟာ နိုင်ငံရေးသီချင်းလို့ ယူဆသဖြင့် JOOX ရဲ့ ပေါ်လစီနဲ့ မကိုက်ညီဟုဆိုကာ ပြန်လည် ဖြုတ်ချခဲ့ပါသောကြောင့် JOOX ပလက်ဖောင်းတွင် နားထောင်လို့ မရနိုင်တော့ပါကြောင်း” လို့ Raefonix အဖွဲ့က အသိပေးထားပါတယ်။
သူတို့အဖွဲ့အနေနဲ့လည်း JOOX နဲ့ ဆန့်ကျင်ဘက်လို့ ခံယူတာကြောင့် သူတို့အဖွဲ့မှ ထုတ်လုပ်မယ့် ဘယ်သီချင်းကိုမှ JOOX ပလက်ဖောင်းမှာ တင်တော့မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။
“ကျနော်တို့ Raefonix Band ရဲ့ ပေါ်လစီမှာလည်း JOOX ရဲ့ ပေါ်လစီနဲ့ ဆန့်ကျင်ဘက်လို့ ခံယူသဖြင့် ယနေ့မှစပြီး အနာဂတ်တွင် Raefonix မှ ထုတ်လုပ်သွားမယ့် မည်သည့် သီချင်းကိုမှ JOOX ပလက်ဖောင်းတွင် တင်တော့မှာ မဟုတ်ပါကြောင်း ကြေညာလိုက်ပါတယ်။ အနုပညာ ဆင်ဆာကို ကျနော်တို့ မကြိုက်တဲ့အတွက် ကြေညာခြင်းဖြစ်ပြီး၊ JOOX Myanmar အပေါ် တခြား ဘာစိတ်ကွက် ငြိုငြင်မှုမှ မရှိပါ” လို့ Raefonix အဖွဲ့က ဆိုပါတယ်။
“ငါ့လိပ်ပြာလုံတယ်” သီချင်းဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတခုအပေါ် ခွန်အားဖြစ်စေမယ့် သီချင်းစာသားများကို သီဆိုထားတာ ဖြစ်ပါတယ်။
“Mp3 အနေနဲ့ သိမ်းထားချင်သူတွေအတွက်လည်း တခုခု စီစဉ်ပေးပါမယ်နော်။ လူမသိ သူမသိ၊ ငမွဲ Band မှန်းလည်း သိပါတယ်။ တက်လမ်းပိတ်မယ့် လမ်းတွေမှန်းလည်း သိပါတယ်။ အိမ်ပြန် မရောက်လောက်မယ့် လမ်းမှန်းလည်း သိပါတယ်။ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကို အာရုံစိုက်ပေးကြပါ။ လိပ်ပြာလုံကြမယ် အမျိုးတို့” လို့ Raefonix အဖွဲ့က ဆိုပါတယ်။
JOOX က ဖြုတ်ချခဲ့ပေမယ့် ဒီသီချင်းအား စီးပွားရေးအရ အသုံးချတာကလွဲ၍ လွတ်လပ်စွာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း လူငယ် ဟစ်ဟော့အဆိုတော် Lil’Z က သူ့ရဲ့သဘောထားကို အခုလိုပဲ ဆိုပါတယ်။
“ကျနော့်အနေနဲ့ JOOX မှ အနုပညာရှင်တို့ရဲ့ လွတ်လပ်စွာ ဖန်တီးမှုအပေါ် ထားရှိတဲ့ သဘောထားနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ရှုတ်ချပါတယ်။ တရုတ်နိုင်ငံမှာပင် အသုံးပြုသူများရဲ့ အချက်အလက်များကို အစိုးရနဲ့ အခြား အကျိုးစီးပွားရှိရာများသို့ ရောင်းချတယ်လို့ ထင်ကြေးပေးခံရတဲ့ တရုတ်ပြည်အခြေစိုက် Tencent ကုမ္ပဏီပိုင် JOOX ပေါ်မှာ အယုံအကြည် မရှိလို့ ကျနော့် ကိုယ်ပိုင် “IF” Album မှ သီချင်းများအား ဘယ်သောအခါမှ ရောင်းချခဲ့ခြင်း မပြုခဲ့ပါ။ အခုလည်း ဒီထက်ပိုပြီး အာဏာရှင် အငွေ့အသက်များ ဖုံးလွှမ်းနေတဲ့ JOOX အား ဆန့်ကျင်ကာ နောက်နောင် ရောင်းချခြင်းပြုမည် မဟုတ်ပါ”လို့ Lil’Z က ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း JOOX နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်း တခုမှ JOOX ကုမ္ပဏီဟာ စစ်တပ်၊ စစ်တပ် အသိုင်းအဝိုင်းတို့နဲ့ ပတ်သက်မှု မရှိဘဲ Tencent Thailland ကုမ္ပဏီနဲ့သာ လက်တွဲလုပ်ခဲ့တာ ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ဖြေရှင်းထားပါတယ်။
You may also like these stories:
ဖမ်းဆီးခံထားရတဲ့ စာရေးဆရာများနဲ့ ပတ်သက်ပြီး ပြောလာတဲ့ စာရေးဆရာမ ဂျူး
စစ်တပ်ပိုင် လုပ်ငန်းများကို ကြော်ငြာပေးမှာ မဟုတ်တော့တဲ့ အနုပညာရှင်များ
“အာဏာသိမ်းလိုက်တာဟာ တိုင်းပြည်ရဲ့ မျက်နှာကို မကြည့်ရာ ရောက်တယ်”