စစ်အာဏာရှင် ဆန့်ကျင်ရေး အနေနဲ့ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ အစိုးရဝန်ထမ်းများ ပါဝင်လာစေရန် လှုံ့ဆော်သည်ဟုဆိုကာ အနုပညာရှင် ၆ ဦးကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း တပ်မတော်မှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယခုလို ဖမ်းဝရမ်း ထုတ်တဲ့အပေါ် အနုပညာ အသိုင်းအဝိုင်းနဲ့ ပြည်သူလူထုက လူမှုကွန်ရက်မှာ ကန့်ကွက်မှုများစွာ ပြုလုပ်ခဲ့ကြပါတယ်။
“အနုပညာရှင်တွေက ခေါင်းဆောင်မှ မဟုတ်တာ။ ပြည်သူထဲက ပြည်သူပဲလေ။ အခုအချိန်မှာ လူတိုင်းက ခေါင်းဆောင်ပဲ။ တွဲတိုင်းမှာ စက်ခေါင်းပါတယ်။ ဒီလူတွေ မရှိလည်း ရပ်သွားမှာ မဟုတ်ဘူး။ စိတ်ဓာတ်ပဲ” လို့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက ဆိုပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်းကလည်း “ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ သူငယ်ချင်းတို့ ဘေးကင်းတဲ့ နေရာမှာ နေကြပါ” လို့ ပြောထားပါတယ်။
သရုပ်ဆောင် ဒေါင်းက “ဒီလိုမျိုး တရားဥပဒေမဲ့ လုပ်ချင်သလို လုပ်တာကို လုံးဝ ကန့်ကွက် ရှုတ်ချပါတယ်။ အနုပညာသမားတွေဟာ ပြည်သူပဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ပြည်သူတွေနဲ့အတူ ရပ်တည်တယ်။ ဘာမှားသလဲ။ အနုပညာသမားတွေ ဥပဒေမဲ့ လုပ်နေတာ မဟုတ်ဘူး။ ဒီမိုကရေစီအတွက် လုပ်နေတာပါ။ နိုင်ငံနဲ့ ပြည်သူအတွက် ပြည်သူ့တာဝန် ထမ်းဆောင်နေတာပါ။ ကျနော်တို့ဟာ ပြည်သူတွေပါ”လို့ ဆိုပါတယ်။
ဥက္ကာမင်းမောင်က “လုံးဝ ရှုတ်ချ ကန့်ကွက်ပါတယ်။ အနုပညာရှင်လည်း ပြည်သူပါပဲ။ ပြည်သူတယောက်သည် ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ လူ့အခွင့်အရေး အပြည့်အဝ ရှိရမယ်။ ဘယ်လောက်ပဲ CDM မှာ ပါဝင်ဖို့ တိုက်တွန်းပါစေဦး။ ဟိုဘက်က ဝန်ထမ်းတွေကလည်း ပါဦးမှ။ လူတယောက်ရဲ့ မှန်ကန်စွာ ရပ်တည်မှုကို အာဏာ အလွဲသုံးစား လုပ်ပြီး တပ်ချင်တဲ့ ပုဒ်မ ကောက်တပ်လိုက်တာကတော့ ပြည်သူကို ဒီထက်ပိုကြမ်းတဲ့ အဓိကရုဏ်းတွေ ဖြစ်ဖို့ စိန်ခေါ်လိုက်တာပါပဲ”လို့ ပြောပါတယ်။
ဆက်လက်ပြီး “ငါ့မှာ အာဏာရှိတယ်။ လုပ်ချင်တိုင်းလုပ်မယ်ဆိုတာကို ငြိမ်ခံရမယ့်ခေတ် မဟုတ်တော့ဘူး။ အနုပညာရှင်များဘက်မှ အပြည့်အဝ ရပ်တည်ပါမယ်။ မတရားတာကို ပြည်သူဘက်ကလည်း တရားပြန်စွဲလို့ရရင် တရားဥပဒေအကြောင်း နားလည်သူများရှိရင် ပြောပြပါ” လို့ ပြောပါတယ်။
သရုပ်ဆောင် ပိုင်ဖြိုးသုက “ကိုယ့်ကို ရိုက်မှနာတာ မဟုတ်ဘူး။ ကိုယ့်ကိုပစ်မှ သေတာ မဟုတ်ဘူး။ ငါတို့ တနိုင်ငံလုံး လက်နက်မဲ့ ပြည်သူတွေကို နင်တို့ နာကျင်စေသမျှ ငါတို့အားလုံး အတူတူ နာကျင်ရတယ်။ အကြိမ်ကြိမ် သေရတယ်။ အေး မိုးကောင်းတုန်း နင်တို့ ရွာထားကြဦးပေါ့ကွာ။ နင်တို့ ခံရတဲ့ အလှည့်ရောက်ရင် ဘွာမခေတ်ကြေး” လို့ ပြောထားပါတယ်။
ဖမ်းဝရမ်း ထုတ်ခံရတဲ့ထဲမှာ တဦးအပါအဝင်ဖြစ်တဲ့ ဒါရိုက်တာ ကိုပေါက်က သူတို့ရှေ့ မထွက်ရတာအကြောင်း မဟုတ်ဘဲ အားလုံးဟာ ခေါင်းဆောင်တွေ ဖြစ်တာကြောင့် အားလုံးရဲ့အံကြိတ်သံနဲ့ အာဏာရှင် ကျဆုံးစေမယ်လို့ ဆိုပါတယ်။
“ငါတို့ ဝရမ်းပြေးဖြစ်တာ အရေးမကြီးဘူး။ CDM ကြီးနိုင်မှ ပြီးမယ်။ ငါတို့ ရိုးတွင်းခြင်ဆီက တွန်လိုက်တဲ့ တောက်ခေါက်သံဟာ အာဏာရှင်ကို နိဂုံးချုပ်စေမယ်။ ငါတို့ ရှေ့မထွက်ရတာ အကြောင်း မဟုတ်ဘူး။ ငါတို့အားလုံးဟာ ခေါင်းဆောင်တွေပါ။ ငါတို့အားလုံးရဲ့ အံကြိတ်သံနဲ့ အာဏာရှင်ကို ကျဆုံးစေမယ်” လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။
အဆိုပါ တရားစွဲဆို ခံထားရတဲ့ အနုပညာရှင် ၆ ယောက်နဲ့အတူ အခြားသော အနုပညာရှင်များနဲ့ ပရိသတ်များ၊ ပြည်သူများက ရပ်တည်လျက်ရှိပြီး ကန့်ကွက်ကြောင်းများကိုလည်း ဆိုရှယ်မီဒီယာများမှတဆင့် ဖော်ပြထားပါတယ်။
သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ကိုပေါက်၊ ဝိုင်း၊ ဏကြီးနဲ့ အဆိုတော် အနဂ္ဂတို့ ၆ ဦးကိုတော့ သူတို့ရဲ့ကျော်ကြားမှုကို အသုံးပြုပြီး နိုင်ငံ့တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းများကို CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) တွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများ ဆူပူဆန္ဒပြမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့တာကြောင့် သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ပါတယ်။
You may also like these stories:
“အာဏာရှင်စနစ်ကို လူငယ်တွေ တွန်းလှန်တာ အားပေးတယ်”လို့ ညီညီထွန်းလွင် ဆို
Raefonix ရဲ့ “ငါ့လိပ်ပြာလုံတယ်” သီချင်းအား JOOX မှ ဖြုတ်ချခဲ့