စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ ပါဝင်လျက်ရှိတဲ့ ဇာတ်မင်းသား ဖိုးချစ်ဟာ ဒီကနေ့၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ ရန်ကုန်မြို့ရှိ ဆူးလေ ဆန္ဒပြပွဲတခုမှာ ပြည်သူများကို CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ သူ့ရဲ့ခံယူချက်များကို ပြောခဲ့ပါတယ်။
“ကျနော်တို့ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်း ဖော်ထုတ်ရမှာပါပဲ။ ထိန်းတာတွေ၊ သိမ်းတာတွေကို စိတ်မဝင်စားဘူး။ ကျနော်တို့ လမ်းကြောင်းကို ကျနော်တို့ ရွေးချယ်ပြီးပြီ။ နိုင်ငံရဲ့အချုပ်အခြာ အာဏာသည် နိုင်ငံတဝန်းလုံးမှာရှိတဲ့ ပြည်သူလူထုက ဆင်းသက်လာတာပါ။ ဒါဆို ကျနော်တို့တွေရဲ့ဆန္ဒကို မမြင်ဘူးလား။ ဒါကြောင့်မို့လို့ ယုံကြည်ပါ။ အားမလျှော့ပါနဲ့။ အားလျော့စရာ မရှိပါဘူး”လို့ ဖိုးချစ်က ပြောပါတယ်။
CDM လုပ်ဖို့အတွက် လှုံ့ဆော်တာကြောင့် ဝန်ထမ်း မဟုတ်တာကြောင့် ပြောအားရှိတယ်ဆိုတဲ့ စကားများအပေါ်ကို အခုလို တုံ့ပြန်ခဲ့ပါတယ်။
“ပြောကြတယ်။ မင်းတို့က CDM လုပ်ပါ အော်မှာပေါ့တဲ့။ မင်းတို့က ဝန်ထမ်းမှ မဟုတ်တာတဲ့။ ကျနော်တို့ကိုကြည့်၊ အဲ့ဝန်ထမ်းတွေ၊ ပြည်သူတွေ အဆင်မပြေဘဲနဲ့ ဒီဇာတ်မင်းသားတွေ ငတ်ပြီ။ ရုပ်ရှင်မင်းသားတွေလည်း ငတ်ပြီ။ အဆိုတော်တွေလည်း ငတ်ပြီ။ ဘာလို့လဲ ပြည်သူကို မှီပြီးမှ ကျနော်တို့ ထမင်းစားရတဲ့သူတွေ။ ပြည်သူတွေ အဆင်မပြေဘဲနဲ့ ကျနော်တို့ အဆင်မပြေဘူး။ ဝန်ထမ်းတွေက CDM ၁ လပဲ လုပ်ဖို့ တောင်းဆိုတာ”လို့ ပြောပါတယ်။
ကိုယ်တိုင်အနေနဲ့လည်း ပြည်သူတွေ အသိအမှတ်ပြုတာကြောင့် “ဖိုးချစ်”လို့ ဖြစ်လာခဲ့ပြီး၊ မကြည်ဖြူတဲ့ ထမင်းကို စားပြီး ရပ်တည်နေတာ အရှက် မရှိလို့ပဲလို့ ဆိုပါတယ်။
“ပြည်သူ အသိအမှတ်ပြုလို့ ဖိုးချစ်ဆိုပြီး ဖြစ်နေတယ်။ ပြည်သူ အသိအမှတ် မပြုဘဲနဲ့ နေရတာ သိပ်ရှက်စရာ ကောင်းတယ်။ မနေချင်ဘူးဗျ။ ပွဲကရင်းနဲ့ လက်ခုပ်တီးပါဦးဆိုရင် တီးပေးကြတော့ ပျော်သွားရတယ်။ အဲဒါတွေနဲ့ ရှင်သန်ရတာ။ ဘာလို့လဲဆိုတော့ အားလုံးက ကြည်ဖြူမှ ကျနော်တို့က ထမင်းစားရတာ။ မကြည်ဖြူတဲ့ ထမင်းကို စားပြီး ရပ်တည်နေတာတော့ အရှက် မရှိလို့ပဲ။ သေချာတယ်”လို့ ဖိုးချစ်က ပြောပါတယ်။
COVID–19 ရောဂါကြောင့် ပွဲမကရတာ တနှစ်ကြာခဲ့ပြီဖြစ်ပေမယ့် ဖြစ်တဲ့နည်းနဲ့ စားသောက် နေထိုင်ခဲ့ပြီး အခုအချိန်မှာ ပြည်သူတွေရဲ့အနာဂတ်ကောင်းဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ပွဲတွေ မကရတာ တနှစ်ရှိပြီ။ ကျနော်တို့ ဘာနဲ့စားလဲ။ ဖြစ်အောင် စားတယ်။ ကျနော်တို့ မှီခိုရတာ ပြည်သူတွေကို မှီခိုရတာ။ ပြည်သူတွေ အဆင်မပြေဘဲနဲ့ ဒီကောင်တွေ ဘာမှ အသုံးမကျဘူး။ ကျနော်တို့က ဝန်ထမ်းကို ပြန်မှီခိုရတဲ့ကောင်ပါ။ ပြည်သူတွေက အမှီခိုခံတွေပါ။ ပြည်သူ့အနာဂတ် ကောင်းမှ ကျနော်တို့က ကောင်းမှာ။ ကျနော်တို့ အနာဂတ်ကို စိတ်မဝင်စားဘူး။ တိုင်းပြည် အနာဂတ်ကောင်းဖို့ အရေးကြီးတယ်။ ပြည်သူ စိတ်မချမ်းသာဘဲ စားရတဲ့ ထမင်း၊ ကျနော် မစားနိုင်ဘူး။ ပြည်သူ စိတ်ချမ်းသာစေချင်ပါတယ်” လို့ ဖိုးချစ်က ပြောပါတယ်။
ဖိုးချစ်ဟာ လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ ပြည်သူနဲ့အတူ အင်တိုက်အားတိုက်ပါဝင်နေပြီး မြန်မာနိုင်ငံ သဘင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးကနေလည်း နုတ်ထွက်ခဲ့ပါတယ်။
You may also like these stories:
ကျန်းမာရေး ဝန်ထမ်းတွေအတွက် လုပ်အားနဲ့ ဆေးဝါးဒါန ပြုပေးတဲ့ နီနီခင်ဇော်
ဖမ်းဝရမ်း ထုတ်ခံရတဲ့ အနုပညာရှင်များဘက်မှ ရပ်တည်ပေးကြသူများ
“အနုပညာရှင်တွေ အမှုဖွင့်ခံရတာ ကြောက်အောင် လုပ်တာ”လို့ ဇင်ဝိုင်း ဆို