စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေတဲ့ သရုပ်ဆောင် ဖွေးဖွေးက ပြည်သူ့ဝန်ထမ်းများကို Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ဆက်လုပ်ကြဖို့ တိုက်တွန်းထားပြီး အနုပညာရှင်တဦးအနေနဲ့ အချိန်မရွေး အဖမ်းခံနိုင်ရကြောင်း အခုလိုပဲ ဆိုပါတယ်။
“ဦးလူမင်း ပါသွားပါပြီ။ ဖွေးတို့လည်း အချိန်မရွေး ပါနိုင်ပါတယ်။ ဘယ်သူလာဖမ်းဖမ်း CDM ဆက်လုပ်ကြပါ။ တကယ် ထိရောက်ပါတယ်။ ရုံးမတက်ကြပါနဲ့တော့”လို့ ဖွေးဖွေးက ပြောပါတယ်။
“အသက် ပေးဆပ်ခဲ့ရတဲ့ လူငယ်လေးတွေ၊ လူကြီးတွေအတွက်လည်း ကြိတ်မနိုင်ခဲမရ မျက်ရည်ကျရတယ်။ ဘာပဲဖြစ်ဖြစ် ဒီတခါ အမှန်တရားကို အမှားတရားက နိုင်လို့ မရဘူး။ စစ်အာဏာရှင် ကျဆုံးပါစေ။ မြန်မာပြည်သူ၊ ပြည်သားများ ငြိမ်းချမ်းစွာ အိပ်နိုင်နိုးထနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ လက်ထဲ အမြန်ပြန်ရောက်ပါစေ။ ကြောက်ခေတ်ကို ပြန်မသွားကြေး”လို့ ဖွေးဖွေးက ပြောပါတယ်။
ဖွေးဖွေးကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသား ပြောပြထားတာ ဖြစ်ပါတယ်။ ဖွေးဖွေးက ယနေ့ ဆန္ဒပြသူတွေအတွက် နေ့လယ်စာ အလှူအဖြစ် ထောပတ်ထမင်းနဲ့ ကြက်သားဟင်း ၁၄၄ ပွဲ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“အရေးတော်ပုံ အောင်ရမည်။ အကြမ်းမဖက် ဆန္ဒ ဆက်ပြမယ့် လူများ၊ CDM ဝန်ထမ်းများကို လေးစားလျက်”လို့ ဖွေးဖွေးက ဆိုပါတယ်။
သရုပ်ဆောင် လူမင်းကိုတော့ ယမန်နေ့ညက ရဲအင်အားသုံးကာ တံခါးများ ရိုက်ဖျက်၍ အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ပြီး၊ ဘယ်နေရာကို ခေါ်ဆောင်သွားမှန်း မသိကြောင်း၊ ခင်ပွန်းဖြစ်သူ လူမင်းအတွက် အလွန်အမင်း စိတ်ပူနေရကြောင်း ဇနီးဖြစ်သူ ခင်စံပယ်ဦးက Live လွှင့်ကာ ပြောဆိုထားပါတယ်။
သရုပ်ဆောင် လူမင်း အပါအဝင် ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ကိုပေါက်၊ ဏကြီးနဲ့ အဆိုတော် အနဂ္ဂတို့ကို နိုင်ငံ့ဝန်ထမ်းများအား ဆူပူဆန္ဒပြမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်မှုဖြင့် သက်ဆိုင်ရာ ရဲစခန်း အသီးသီးမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တပ်မတော်မှ သတင်း ထုတ်ပြန်ထားပါတယ်။