စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ အထိရောက်ဆုံး နည်းလမ်းဖြစ်တဲ့ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပြည်သူ့ဝန်ထမ်းများ ပါဝင်လာစေဖို့အတွက် ပြည်သူလူထုနဲ့အတူ အနုပညာရှင်များကလည်း ဝိုင်းဝန်း လှုံ့ဆော်လျက် ရှိပါတယ်။
ဒီလို CDM မှာ ပါဝင်ကြတဲ့ “CDM Heroes တွေရဲ့ ကျေးဇူးကြွေးတွေ တင်နေပါပြီ”လို့ သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောပါတယ်။
“အခုချိန်ထိ ပြည်သူအားလုံးဘက်က ရပ်တည်ပေးပြီး CDM မှာ ပါဝင်ပေးနေကြတဲ့ သူရဲကောင်းတွေအားလုံးကို ဦးညွှတ်ပါတယ်။ ကျမတို့အပေါ် CDM heroes တွေရဲ့ကျေးဇူးကြွေးတွေ တင်နေပါပြီ” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
အာဏာရှင်များ တကယ်ကြောက်တာဟာ CDM ဖြစ်ပြီး တကယ်ဖြုတ်ချနိုင်မှာကလည်း CDM ပဲဖြစ်တာကြောင့် CDM မှာ ပါဝင်ကြသူများကို ပစ်မှတ်ထား ဖမ်းဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ တကယ်ကြောက်တာ CDM ပါ။ သူတို့ကို တကယ်ဖြုတ်ချနိုင်တာလည်း CDM ပါ။ ဒါကြောင့်လည်း CDM ပါဝင်ပေးသူတွေနဲ့ CDM အားပေးတဲ့သူတွေကို ပစ်မှတ်ထား လိုက်ဖမ်းတာပါ။ သူတို့ ဘယ်လောက်ကြောက်လဲ သိသာပါတယ်။ ဖမ်းဝရမ်းတွေထုတ်၊ ညဘက် အင်တာနက် ဖြတ်ပြီး လိုက်ဖမ်း၊ ကျမတို့တွေ ညဘက်မှာ ကျီးလန့်စာစား ဖြစ်ရသလို သူတို့လည်း ညဘက်ဆို မပဋာ မြေလူးပါပဲ”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
CDM မှာ ပါဝင်ကြတဲ့ ဝန်ထမ်းများအတွက် ထောက်ပံ့ပေးမယ့် အစီအစဉ်တွေဟာ Facebook ပေါ်မှာသာရှိတာ မဟုတ်ဘဲ ပါဝင်ကြတဲ့ ဝန်ထမ်းများကို တကယ် စောင့်ရှောက်ပေးမှာပါလို့ ဆိုပါတယ်။
“CDM မှာ ပါဝင်ပေးတဲ့ ဝန်ထမ်းတွေအတွက် ထောက်ပံ့ပေးမှာတွေက Facebook ပေါ်မှာပဲလို့ သူတို့တွေရဲ့ပြောနေတဲ့ သွေးထိုးစကားတွေကို မယုံကြပါနဲ့။ CDM ကို တကယ်လုပ်နေတဲ့ ဝန်ထမ်းတွေ ရှိသလို၊ ထောက်ပံ့ပေးနေတဲ့ ပြည်သူတွေ တကယ်ရှိတယ်ဆိုတာကိုလည်း သက်သေပြတဲ့အနေနဲ့ သုသုတို့ အနုပညာရှင်တွေက Risk ယူပြီးတော့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ပေးနေပါတယ်။ Live တွေ လွှင့်ပေးနေပါတယ်။ CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေကို စောင့်ရှောက်ပေးနေတာပါ”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ဆက်လက်ပြီး “အဲ့လို ဆိုရှယ်မီဒီယာတွေပေါ်မှာ ပို့စ်တွေ တင်လို့ အနုပညာရှင်တွေကို ဝရမ်းပြေးအဖြစ် မတရား သတ်မှတ်ခံနေရပါတယ်။ အဲ့အနုပညာရှင်တွေကိုလည်း သနားပါတော့။ အဓိကကတော့ လက်နက် မရှိဘဲနဲ့ အနိုင်ကျင့်၊ နှိပ်စက်ခံနေရတဲ့ ပြည်သူတွေကို သနားပေးကြပါတော့။ CDM မှာ ပါဝင်ပေးပါတော့။ ပြည်သူတွေကို ကာကွယ်ပေးတဲ့ ပြည်သူ့ဝန်ထမ်း အစစ်အဖြစ် ပြည်သူတွေကို ကာကွယ်ပေးပါတော့လို့ အနူးအညွှတ် မေတ္တာရပ်ခံပါတယ်။ တောင်းပန်ပါတယ်” လို့ ပြောပါတယ်။
ပိုင်ဖြိုးသုကတော့ လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ အနုပညာရှင် ပြည်သူတဦးအနေနဲ့ အင်တိုက်အားတိုက် ပါဝင်လျက်ရှိပြီး ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးကိုတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်း ထုတ်ထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
You may also like these stories:
“ပြန်ကြားရေးရုပ်သံပိုင်းမှာ လုပ်နေသူတွေ CDM မှာ ပါဝင်ပေးကြပါ”လို့ လိမ္မော်သီး ပြော
ပြည်သူ့ဝန်ထမ်းများ CDM ဆက်လုပ်ဖို့ ဖွေးဖွေး တိုက်တွန်း
“CDM ကို ထောက်ခံပါတယ်၊ ရုံးမတက်နဲ့ ရုန်းထွက်ကြပါ”လို့ နန်းခင်ဇေယျာ ဆို