အာဏာသိမ်း စစ်ကောင်စီမှ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထိုင်းနိုင်ငံသို့ သွားရောက်ကာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမတ် ဝီနိုင်က ဒွန်းမောင်းလေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။
အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် ပိုင်တံခွန်က ထိုင်းနိုင်ငံမှာရှိတဲ့ သူ့ရဲ့ပရိသတ်များကို ကန့်ကွက်ပေးဖို့အတွက် ပြောခဲ့ပါတယ်။
“ချစ်ခင်ရပါသော ကျနော် ချစ်သော ထိုင်းလူမျိုးနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်ကြတဲ့ ကျနော်တို့ရဲ့ မြန်မာလူမျိုးများခင်ဗျာ။ ကျနော်တို့ အရပ်သားများရဲ့ ရွေးကောက် တင်မြှောက်ခြင်း မခံရဘဲ စစ်တပ်ဘက်မှ ပါဝင်သော နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီးရှားဝန်ကြီး၊ ထိုင်းဝန်ကြီးတို့နှင့် တွေ့ဆုံရန် ယနေ့ ဘန်ကောက်သို့ လာပါမယ်”
“ဒေသတွင်း သတင်းများရဲ့ အဆိုအရ သူတို့ဟာ စစ်ရေးဘက်မှ ပြန်လည် ရွေးကောက် တင်မြှောက်ရန်အတွက် ဘန်ကောက်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါကို ကျနော်တို့ လက်မခံပါဘူး။ ကျနော်တို့ တကယ် ဆန္ဒရှိတဲ့သူကို မဲထည့်ပြီးပါပြီ။ ကျနော်တို့ မဲကို လေးစားရပါမယ်” လို့ ပိုင်တံခွန်က ဆိုပါတယ်။
ဒီလိုတွေ့ဆုံခြင်းဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြန်လည် ကျင်းပရန်အတွက် တွေ့ဆုံကြတယ်ဆိုတဲ့ သတင်းစကားများ ပေါ်ထွက်ခဲ့တာကြောင့် လက်မခံနိုင်ကြောင်းကိုလည်း ထည့်သွင်း ပြောခဲ့ပါတယ်။
“အခုဆိုရင် ကျနော်တို့ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းမှာ စစ်မှန်တဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ဖို့ တူညီတဲ့ စာမျက်နှာပေါ်မှာ ရှိနေတယ်လို့ ယုံကြည်မိပါတယ်။ ဒါကြောင့် ကျနော်တို့ကို ကိုယ်စားမပြုတဲ့ ဒီတရားမဝင် နိုင်ငံခြားရေးဝန်ကြီးကို ကန့်ကွက်ပါ။ ဒီလုပ်ဆောင်မှုဟာ စစ်မှန်သော ဒီမိုကရေစီအတွက် စစ်ရေးများကို ဆက်လက် တိုက်ခိုက်ရန် ကျနော်တို့ကို ခွန်အားပေးနိုင်ပါတယ်”လို့ ပိုင်တံခွန်က ဆိုပါတယ်။
ဆက်လက်ပြီး “အားလုံးကို ကျေးဇူးတင်ပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးအတွက် ကျနော့်ရဲ့ မေတ္တာရဲ့ ဆုတောင်းချက်များကို ဖြန့်ဝေလိုက်ပါတယ်”လို့ ရေးသားထားပါတယ်။
ပိုင်တံခွန်ကတော့ အဆိုပါ အကြောင်းအရာများကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်များကနေတဆင့် ပြည်ပနိုင်ငံများမှာရှိတဲ့ သူ့ရဲ့ ပရိသတ်များ သိရှိအောင် မျှဝေ ရေးသားခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
ပြည်သူ့ဝန်ထမ်းများ CDM ဆက်လုပ်ဖို့ ဖွေးဖွေး တိုက်တွန်း
“ပစ်မိန့်တွေ ပေးတာ ရင်နင့်အောင် ခံစားရတယ်”လို့ ဟန်ဇာမိုးဝင်း ဆို
ဖမ်းဝရမ်း ထုတ်ခံရတဲ့ အနုပညာရှင်များဘက်မှ ရပ်တည်ပေးကြသူများ