မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းလိုက်ပြီးနောက် CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပြည်သူ့ဝန်ထမ်းများ ပါဝင်လာအောင် လှုံ့ဆော်သည်ဟုဆိုကာ အနုပညာရှင်အချို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီး ထိန်းသိမ်းတဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။
“အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးသွားတာကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ နိုင်ငံသားတယောက်အနေနဲ့ မကြိုက်တဲ့ အရာတခုကို ကျနော်တို့ ဆန္ဒဖော်ထုတ်ခွင့် ရှိပါတယ်။ တိုင်းပြည်ကို ဒီလို လုပ်တယ်ဆိုတာကလည်း တတိုင်းပြည်လုံး စိတ်နှလုံး ညှိုးချုံးရတယ်။ ဘယ်သူကမှလည်း မကြိုက်ကြဘူး။ ၂၂၂၂၂ နေ့ကဆိုလည်း အားလုံး မျက်မြင်ကိုယ်တွေ့ပဲ”
“ဖမ်းဆီးထားတဲ့ အနုပညာရှင်တွေရော၊ ဖမ်းဝရမ်း ထုတ်ခံရတဲ့ အနုပညာရှင်တွေရော အတွက်ကို ကျနော်တို့က ပြင်းထန်စွာ ရှုတ်ချတယ်။ လွတ်ပေးစေချင်ပါတယ်။ ဝရမ်းထုတ်ထားတွေကိုလည်း အမြန်ဆုံး ဖြေလျှော့ပေးစေချင်တယ်”လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။
ဆန္ဒပြပွဲတွေမှာ Generation Z တွေရဲ့ လုပ်ဆောင်မှုတွေက အရမ်းတော်ပြီး Generation Y အနေနဲ့ နောက်လိုက်ကောင်းတွေအဖြစ် ရပ်တည်ပေးမယ်လို့ ဆိုပါတယ်။
“Generation Z တွေ အရမ်းတော်ပါတယ်။ ကျေနပ်အားရတယ်။ ကျနော်တို့ Generation Y အနေနဲ့ သူတို့ကို ကူညီပြီး သူတို့ရဲ့ နောက်လိုက်ကောင်းတွေအဖြစ် ရပ်တည်ပါမယ်။ အနိုင်နွှဲရမယ့် တိုက်ပွဲ ဖြစ်ပါတယ်။ အားလုံး နောက်မဆုတ်ကြပါနဲ့။ အားတင်းထားပါ။ အရေးတော်ပုံ အောင်ရပါမယ်”လို့ သြရသက ပြောပါတယ်။
CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်မှသာ တော်လှန်ရေးက ထိရောက်အောင်မြင်မယ်လို့ ဆိုပါတယ်။
“CDM မလုပ်သေးသူတွေကလည်း တယောက်ချင်းစီ သူတို့ရဲ့ စိတ်နဲ့ပဲ သက်ဆိုင်ပါတယ်။ ကျနော်တို့က CDM ကို အားပေးပါတယ်။ CDM လုပ်မှ ကျနော်တို့ တော်လှန်ရေးက ပိုပြီး ထိရောက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်”လို့ သြရသက ပြောပါတယ်။
ဆန္ဒပြပွဲတွေမှာ ပစ်မိန့်တွေပေးတာကိုလည်း ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ သြရသက ဆိုပါတယ်။
“ပစ်မိန့်ပေးတာတွေတော့ လုံးဝ မဖြစ်သင့်ပါဘူး။ အင်မတန်ကို ဆိုးဝါးတယ်။ ဒီလိုနည်းနဲ့ ဖြေရှင်းလို့ မရဘူး။ ပြည်သူတွေကို ထိမှန်တာ၊ ကျနော်တို့ကို ထိမှန်သလို ခံစားရတယ်။ အဲ့အတွက် နောက်ဆုတ်မှာလည်း မဟုတ်ဘူး။ ကြောက်ရွံ့နေမှာလည်း မဟုတ်ဘူး။ ကျနော်လည်း ပြည်သူတယောက်အနေနဲ့ တတပ်တအား ဆက်လက် ဆန္ဒဖော်ထုတ်သွားမှာပါ”လို့ သြရသက ပြောပါတယ်။
ဒါရိုက်တာ သြရသကတော့ “မုန်းစွဲ” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတဦးဖြစ်ပြီး၊ လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင် ဆန္ဒဖော်ထုတ်နေသူ ဖြစ်ပါတယ်။
You may also like these stories:
တရားမဝင် နိုင်ငံခြားရေးဝန်ကြီးအား ကန့်ကွက်ဖို့ ထိုင်းပရိသတ်များကို ပိုင်တံခွန် ပြော
“ပြည်သူတွေက အကြမ်းမဖက်ဘူး”လို့ လူကြမ်း အောင်တိုး ပြော
ဖမ်းဆီးထားသူများအား အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အနုပညာရှင်များ တောင်းဆို