စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ လုပ်ဆောင်ကြတဲ့ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်တာ တကယ်ထိရောက်တာကြောင့် CDM ဆက်လုပ်ပေးကြပါလို့ အဆိုတော် ကျားပေါက်က ပြောပါတယ်။
“CDM က ဆက်လုပ်ရမယ်။ ဆန္ဒပြဖို့က ရေရှည်မှာ အရမ်းခက်ခဲလိမ့်မယ်။ လူတိုင်း လမ်းပေါ်ထွက်ဖို့တို့၊ ကလေးတွေနဲ့ လူတွေက အဆင်မပြေဘူး။ တောက်လျှောက် ထွက်နေသူတွေကလည်း တချိန်မှာ သူတို့ ပင်ပန်းလာမယ်။ အကြာကြီးသွားရမှာဆိုတော့ CDM သည် တကယ် ထိရောက်တာလို့ ကျနော်ထင်တယ်။ CDM မလုပ်တဲ့ တချို့တွေက ပူးပေါင်းလို့ မရတဲ့သူတွေလည်း ဖြစ်နေပါလိမ့်မယ်။ အဲ့လို မဟုတ်ဘဲ အိမ်မှာ နေလို့ရမယ့်သူဆို နေပေးပါ”လို့ ကျားပေါက်က ပြောပါတယ်။
အခုခေတ် ကလေးတွေက လွတ်လပ်ပြီး မွေးလာတဲ့သူတွေမို့ လွတ်လပ်မှုကို ဆုံးရှုံးသွားမှာ ပိုကြောက်ကြတယ်လို့ ကျားပေါက်က ဆိုပါတယ်။
“ကျနော်တို့ နောက်က Generation တွေကို အားကိုးရမယ်။ သူတို့ တွေးတာက ကျနော်တို့နဲ့ မတူတော့ဘူး။ ကျနော်တို့က ပုံမှန်တွေးဆိုတာကိုပဲ တွေးနေခဲ့တာပေါ့။ သူတို့က အဲ့လို မဟုတ်တော့ဘူး။ လွတ်လပ်ပြီး မွေးလာတဲ့ ကလေးတွေမို့ လွတ်လပ်တာကို ဆုံးရှုံးသွားမှာ သူတို့က ကျနော်တို့ထက် ကြောက်တယ်။ ကျနော်တို့က ဆုံးရှုံးဖူးတာ ဖြစ်နေကျ၊ သူတို့က ဒါကို လက်မခံနိုင်ဘူး”
“လက်မခံနိုင်တာကို ကျနော်တို့က ကြိုက်ရမယ်။ လက်ခံပြီး အသားကျသွားမှာကိုတော့ မဖြစ်စေချင်ဘူး။ Generation တွေရဲ့ အကွက်တွေက ကျနော်တို့တောင် ဘာတွေ မှန်းမသိဘူး။ ဘာတွေမှန်းမသိအောင် လှုပ်ရှားနေတာ ကောင်းတာပေါ့။ သူတို့ ဆက်ပြီး တိုက်နိုင်ဖို့ ကျနော်တို့က Supporting လုပ်သွားမယ်”လို့ ကျားပေါက်က ပြောပါတယ်။
ဖမ်းဆီးထားတဲ့ အနုပညာရှင်တွေကိုလည်း ပြန်လွှတ်ပေးဖို့ ကျားပေါက်က အခုလိုပဲ ဆိုပါတယ်။
“ဖမ်းဆီးထားတဲ့ အနုပညာရှင်တွေကို ပြန်လွှတ်ပေး။ ဘယ်သူမှ ဘယ်သူ့ကို ဖမ်းစရာအကြောင်း မရှိဘူး။ အကြမ်းဖက်တာက ဒီမိုကရေစီ စနစ် မဟုတ်ဘူး ဆိုကတည်းက အတွဲလိုက် ပါလာတာပဲလေ။ ကျနော်တို့က ခန့်မှန်းထားပြီးသားပဲ။ မြင်လည်း မြင်ဖူးတာပဲ။ မဖြစ်သင့်တာက လူတိုင်းသိတာပေါ့။ အာဏာကို အလိုမတူဘဲ ယူထားတော့ သေနတ်နဲ့ပဲ ခုခံကာကွယ်ရမှာပေါ့”လို့ ပြောပါတယ်။
အခုလို အချိန်မှာ တယောက်နဲ့ တယောက် အားပေးပြီး သည်းခံကြပါလို့ ကျားပေါက်က ဆိုပါတယ်။
“ရာသီဥတုက အရမ်းပူတယ်။ ကျန်းမာရေး ဂရုစိုက်ကြပါ။ နောက်ပြီးတော့ အိပ်မရကြဘူး။ နိုးလာရင်လည်း ကြည်ကြည်လင်လင် မနိုးဘူး။ အဲ့ဒါတွေက နည်းတဲ့ Energy waste မဟုတ်ဘူး။ အဲဒါကို သည်းခံပါ။ တယောက်နဲ့ တယောက် အားပေးပါ။ ပျော်စရာကောင်းတာ ဘာမှ ရှိမနေဘူး။ ဒါပေမဲ့ အားပေးဖို့ကတော့ အရမ်းအရေးကြီးတယ်”လို့ ကျားပေါက်က ပြောပါတယ်။
အဆိုတော် ကျားပေါက်ကတော့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဂီတအနုပညာရှင်များနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
You may also like these stories:
“ပြည်သူတွေကို ထိမှန်တာ ကျနော်တို့ကို မှန်သလို ခံစားရတယ်”
တရားမဝင် နိုင်ငံခြားရေးဝန်ကြီးအား ကန့်ကွက်ဖို့ ထိုင်းပရိသတ်များကို ပိုင်တံခွန် ပြော
“ပြည်သူတွေက အကြမ်းမဖက်ဘူး”လို့ လူကြမ်း အောင်တိုး ပြော