မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာ သိမ်းလိုက်ပြီးနောက် ပြည်သူတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတဝှမ်းမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လျက် ရှိပါတယ်။ ဆန္ဒပြပွဲတွေအတွင်းမှာ လက်နက်နဲ့ ပစ်ခတ် ဖြိုခွင်းမှုတွေ ရှိတဲ့အပေါ် အနုပညာရှင်များက အခုလိုပဲ ဆိုကြပါတယ်။
နေမျိုးအောင် (သရုပ်ဆောင်)
“တရားမျှတမှု မရှိဘူး။ လက်နက်ကိုင်ပြီး ဖြေရှင်းလို့ရတယ် ဆိုပြီးတော့ သူတို့ ခေါင်းထဲ ဝင်နေကြတာကိုး။ ကျနော်တို့ ဆန္ဒပြတယ်ဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့အတွက် မှန်မှန်ကန်ကန် ဆန္ဒပြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ပြည်သူပြည်သားတွေ တညီတညွတ်တည်း ဆန္ဒပြနေချိန် ပစ်ခတ်ခံရတာ ဝမ်းနည်းဖို့ ကောင်းတယ်”
အောင်တိုး (လူကြမ်း သရုပ်ဆောင်)
“ပစ်ခတ်နေတာက ပြည်သူတွေ အုံကြွမယ့် ဒေါသကို လိုချင်တာလေ။ ကျနော်တို့ ပြည်သူတွေက သူတို့လို အကြမ်းမဖက်ဘူး။ သူတို့လို မယုတ်မာဘူး။ ရအောင် ပြန်တိုက်မယ်”
မွန်လေး (လူကြမ်း သရုပ်ဆောင်)
“ပစ်ခတ်နေတာတွေက သူတို့က ပြည်သူတွေ အုံကြွအောင် ပစ်တာပေါ့။ အေးချမ်းစွာ ဆန္ဒပြတော့ သူတို့ လိုချင်တဲ့ဘက် မရောက်သွားဘူးပေါ့။ အေးအေးချမ်းချမ်းနဲ့ပဲ ဆန္ဒဖော်ထုတ်နေတာကြောင့် သူတို့ မရပါဘူး။ ကျနော်တို့ပြည်သူတွေပဲ ပြန်ရမှာပါ”
ဒါရိုက်တာ သြရသ
“ပစ်မိန့်ပေးတာတွေတော့ လုံးဝ မဖြစ်သင့်ပါဘူး။ အင်မတန်ကို ဆိုးဝါးတယ်။ ဒီလိုနည်းနဲ့ ဖြေရှင်းလို့ မရဘူး။ ပြည်သူတွေကို ထိမှန်တာ၊ ကျနော်တို့ကို ထိမှန်သလို ခံစားရတယ်။ အဲ့အတွက် နောက်ဆုတ်မှာလည်း မဟုတ်ဘူး။ ကြောက်ရွံ့နေမှာလည်း မဟုတ်ဘူး။ ကျနော်လည်း ပြည်သူတယောက်အနေနဲ့ တတပ်တအား ဆက်လက် ဆန္ဒဖော်ထုတ်သွားမှာပါ”
တင်မောင်ဆန်းမင်းဝင်း (ဇာတ်မင်းသား)
“ငြိမ်းချမ်းစွာ ဆန္ဒပြနေပေမယ့် ပစ်မိန့်တွေ ပေးတာကိုတော့ မကောင်းဘူး။ ဘယ်နိုင်ငံမှာမှ ပစ်သတ်မှာ မဟုတ်ဘူး။ ပစ်သတ်စရာ အကြောင်းလည်း မရှိပါဘူး။ အပြစ်မဲ့ ပြည်သူတွေကို ပစ်တာ မကောင်းပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေရင် ငြိမ်းချမ်းစွာပဲ အုပ်ချုပ်တာမျိုး လုပ်သင့်ပါတယ်။ ပစ်မိန့်ပေးတာကို ရှုတ်ချပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူတွေလည်း အစစအရာရာ ဂရုစိုက်ကြပါ။ လူညီပါ”
ဟန်ဇာမိုးဝင်း (ဇာတ်မင်းသား)
“ပစ်မိန့်ပေးတာတော့ အရမ်းရုပ်ဆိုး အကျည်းတန်ပါတယ်။ ပစ်မိန့်တွေ ပေးတာကိုတော့ ရှုတ်ချတယ်။ ပြည်သူမှာ ဘာမှရှိတာ မဟုတ်ဘူး။ ရင်ထဲက ခံစားချက်လေးကို ဖွင့်ထုတ်တဲ့ အနေနဲ့ ကျနော်တို့က စာသားတွေနဲ့ အင်အားနဲ့ ဆန္ဒဖော်ထုတ်တာ။ အေးဆေး ဖြတ်သန်းခွင့် ပေးလို့ရတာကိုဗျာ။ ကျနော် ရင်နင့်အောင် ခံစားရပါတယ်”
You may also like these stories:
“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ဖမ်းဆီးတာ မတရားဘူး”
“အကြမ်းဖက်တာက ဒီမိုကရေစီ စနစ် မဟုတ်ဘူး”
တရားမဝင် နိုင်ငံခြားရေးဝန်ကြီးအား ကန့်ကွက်ဖို့ ထိုင်းပရိသတ်များကို ပိုင်တံခွန် ပြော