မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတဝှမ်းမှာ ပြည်သူများက ဆန္ဒဖော်ထုတ်နေကြသလို အနုပညာရှင်များစွာလည်း ပါဝင် ဆန္ဒဖော်ထုတ်နေကြပါတယ်။
ဆန္ဒဖော်ထုတ်တဲ့ အနုပညာရှင်တွေထဲမှာ လူငယ် အဆိုတော် G Fatt လည်း ပါဝင်ပြီး၊ ပြည်သူနဲ့အတူ အရှိန်အဟုန်နဲ့ ပါဝင်ဖြစ်တယ်လို့ ဆိုပါတယ်။
“အာဏာသိမ်းတဲ့နေ့ကတော့ သတင်းကြားကြားချင်း အဲ့နေရာမှာတင် ထိုင်ပုံကျခဲ့တာ။ စာအုပ်တွေထဲမှာပဲ ဖတ်ခဲ့ရတာ၊ သမိုင်းတွေမှာပဲ သိခဲ့ရတဲ့ စိတ်ခံစားချက်တွေက ကိုယ့်ဆီကို တိုက်ရိုက်အရှိန်နဲ့ ဆောင့်ဝင်လာတော့တာပဲ။ ငိုဖို့ပဲ တတ်နိုင်တယ်။ ဘာမှန်းမသိဘူး ဖြစ်သွားတယ်။ နောက်နေ့မှ နည်းနည်းလေး စိတ်ပြန်တည်ငြိမ်လာမှ ပြည်သူတွေနဲ့အတူ ပါဝင်သင့်တာတွေကို အရှိန်အဟုန်နဲ့ ပါဝင်နေပါတယ်”လို့ G Fatt က ပြောပါတယ်။
အရင်လို အမှောင်ခေတ်ကို ပြန်မရောက်စေချင်တာကြောင့် ပြည်သူတွေနဲ့အတူ ဆန္ဒဖော်ထုတ်နေတယ်လို့ G Fatt က ဆိုပါတယ်။
“ကျနော့်မှာ တူ၊ တူမလေးတွေ ရှိတယ်။ သူတို့ကို အမှောင်ခေတ်မှာ မကြီးပြင်းစေချင်တော့ဘူး။ ကျနော်က ၉၂ ခုနှစ်ဖွား ဖြစ်တဲ့အတွက် ကျပ်တည်းတယ်ဆိုတဲ့ ခေတ်ကိုတော့ မီခဲ့တယ်။ အမေတို့၊ အဖေတို့၊ နောက်လူကြီးတွေ ပြောပြချက်တွေအရ စစ်အာဏာရှင်ဆိုတာ ဘယ်လောက် ဆိုးဝါးတယ်ဆိုတာ အားလုံးသိတာပဲ။ အမှောင်ခေတ်ကို ပြန်မရောက်စေချင်လို့လည်း ကျနော်တို့ လမ်းပေါ်ရောက်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ တောင်းဆိုပါတယ်။ ပြည်သူ့အာဏာ ပြည်သူ့ကို ပြန်ပေးပါ”လို့ G Fatt က ပြောပါတယ်။
ဖမ်းဆီးထားတဲ့ ခေါင်းဆောင်များနဲ့ အနုပညာရှင်များကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ G Fatt က ဆိုပါတယ်။
“ပြည်သူပြည်သားတွေ အားလုံး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်။ အဲ့အတွက် ဖမ်းဆီးထားတဲ့ အနုပညာရှင်တွေရော၊ နိုင်ငံရေးခေါင်းဆောင်တွေရောကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဆက်လက်ပြီး ဖမ်းဆီးမှု မလုပ်ဖို့လည်း တောင်းဆိုချင်ပါတယ်”လို့ ပြောပါတယ်။
Generation Z တွေရဲ့ အနာဂတ်တွေ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတယ်လို့ G Fatt က ဆိုပါတယ်။
“Generation Z ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီ Generation က ဒီလောက်ထိ နိုင်ငံရေးရေချိန် မြင့်နေမယ်လို့ မမှန်းထားဘူး။ မှန်းထားတာထက်တောင် ပိုပြီးတော့ အင်တိုက်အားတိုက် လှုပ်ရှားကြတယ်။ သူတို့ အနာဂတ်တွေ ရိုက်ချိုးခံရတယ်။ ပထမဆုံး မဲပေးခွင့်ရှိတဲ့ Generation တွေရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတယ်”
“သူတို့ ရတဲ့ နည်းပေါင်းစုံနဲ့ အကြမ်းမဖက်ဘဲ ဆန္ဒဖော်ထုတ်နေကြတယ်။ ဆန္ဒဖော်ထုတ်တာကို ကမ္ဘာက သိအောင် သူတို့ လုပ်ဆောင်နေကြတယ်။ ကျနော်တို့လည်း ဒီလူငယ်တွေနဲ့ ပူပေါင်းပြီး အရေးတော်ပုံမှာ ပါဝင်သွားပါမယ်။ အရေးတော်ပုံ အောင်ရပါမယ်”လို့ G Fatt က ပြောပါတယ်။
အဆိုတော် G Fatt ကတော့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တတပ်တအား ပါဝင်နေပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဂီတအနုပညာရှင်များနဲ့အတူ ပါဝင် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
You may also like these stories:
“ပြည်သူတွေကို ပစ်ခတ်တာ ရှုတ်ချတယ်”လို့ အနုပညာရှင်များ ပြော
“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ဖမ်းဆီးတာ မတရားဘူး”
ထိုင်းမီဒီယာတခုကို လက်ရှိ မြန်မာနိုင်ငံအကြောင်း ပြောပြခဲ့တဲ့ နှင်းသွေးယုအောင်