ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် ကျောင်းသူ ကျောင်းသားသူများ သပိတ်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က “Milk Tea Alliance” အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲအတွင်း ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းမှာ ဖြိုခွင်းခံရပြီး အဲဒီထဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဆေးကျောင်းသူ၊ အလှမယ် ထွန်းပုလဲရတနာဟာ ပြန်လည် လွတ်မြောက်လာပြီလို့ သိရပါတယ်။
“အဆင်ပြေပါပြီ။ စိတ်ပူပေးကြတဲ့ တယောက်ချင်းစီရော၊ ဝိုင်းဝန်း ကူညီပေးကြတဲ့ ဆိုရှယ်မီဒီယာမှ အစ်ကို၊ အစ်မများနှင့် Beauty Pageants Page များ၊ ပရိသတ်များကို ကျေးဇူးတင်ပါတယ်” လို့ ထွန်းပုလဲရတနာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးထားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထွန်းပုလဲရတနာ ပါဝင်တဲ့ ဆေးတက္ကသိုလ် သပိတ်စစ်ကြောင်းဟာ ရန်ကင်း ကျောက်ကုန်းအထွက်မှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ဖြိုခွင်း ဖမ်းဆီးခြင်းကို ခံရပါတယ်။
ရဲတပ်ဖွဲ့ဟာ အဆိုပါ သပိတ်စစ်ကြောင်းကို မျက်ရည်ယို ဗုံးများဖြင့် ဖြိုခွင်းပြီးနောက် ထွန်းပုလဲရတနာအပါအဝင် ဆေးကျောင်းသား၊ ဆေးကျောင်းသူ အယောက် ၇၀ ကျော်ကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်း စစ်ကြောရေးသို့ အချုပ်ကားများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ကျောင်းသား သပိတ် စစ်ကြောင်းကို ဖမ်းဆီးခေါ်ဆောင်သွားခံရပေမယ့် ကျန်ရှိသူများက ဆက်လက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
“ဒို့အရေးတောင် တခါ မအော်လိုက်ရဘဲ တန်းပြီးအချုပ်ကားပေါ် ပါသွားသော မေမေ့ သမီးလေး”လို့ ထွန်းပုလဲရတနာက ပြန်လည် လွတ်မြောက်ပြီးနောက် ပြောထားပါတယ်။ ဖမ်းဆီးခံရတဲ့ ကျောင်းသား၊ ကျောင်းသူများဟာ မနက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရပြီး ညနေပိုင်းမှာတော့ ခံဝန်များဖြင့် ပြန်လည် လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ လတ်တလော သိရှိထားပါတယ်။

အလှမယ် ထွန်းပုလဲရတနာကတော့ ရန်ကုန်မြို့၊ ဆေးတက္ကသိုလ် ၁ မှာ တက်ရောက်နေတဲ့ Final Part 2 ကျောင်းသူတဦးဖြစ်ပြီး၊ “Face Of Myanmar 2019” အလှမယ်လည်း ဖြစ်ပါတယ်။
You may also like these stories:
“အကြမ်းဖက်တာက ဒီမိုကရေစီ စနစ် မဟုတ်ဘူး”
ထိုင်းမီဒီယာတခုကို လက်ရှိ မြန်မာနိုင်ငံအကြောင်း ပြောပြခဲ့တဲ့ နှင်းသွေးယုအောင်
တရားမဝင် နိုင်ငံခြားရေးဝန်ကြီးအား ကန့်ကွက်ဖို့ ထိုင်းပရိသတ်များကို ပိုင်တံခွန် ပြော