Entertainment

အလှမယ် ယွန်းဝင့်လွှာအောင်ကို ရွှေကြိုမောင်မယ်များ ရှုတ်ချ

တရားဥပဒေမဲ့စွာဖြင့် အကြမ်းဖက် နှိမ်နင်းခံနေရသော ပြည်သူများကို လျစ်လျူရှုကာ အကြမ်းဖက် အဖွဲ့အစည်းများဘက်မှ ရပ်တည်လျက်ရှိသော ရွှေကြိုတဦးအဖြစ် ရွေးချယ်ခံထားရတဲ့ အလှမယ် ယွန်းဝင့်လွှာအောင်ကို ၂၀၂၀ ရွှေကြိုမောင်မယ်များက ရှုတ်ချခဲ့ပါတယ်။

“ကျနော်တို့သည် ၂၀၂၀ အကယ်ဒမီ ရွှေကြိုပွဲအတွက် ပြည်သူများမှ ရွေးချယ်ထားခံရသော ပြည်သူရွေးချယ် ရွှေကြိုမောင်များ ဖြစ်ပါသည်။ ထို့ကြောင့် ကျနော်တို့သည် ပြည်သူများနှင့် တသားတည်း ဖြစ်ပါသောကြောင့် ပြည်သူနှင့် တသားတည်း မဖြစ်၊ အဓမ္မဘက်ကိုသာ အလေးပေးပြီး ပြည်သူများ၏ လတ်တလော အခြေအနေများအား မျက်ကွယ်ပြုပြီး အဓမ္မဘက်ကို အား‌ပေးနေသော လုပ်ရပ်များလုပ်နေသော ရွှေကြိုမယ် ရွေးချယ်ခံထားရသည့် ယွန်းဝင့်လွှာအောင်အား ၂၀၂၀ ပြည်သူရွေးချယ် ရွှေကြိုမောင်မယ်အဖြစ် ရှိနေခြင်းကို ရှုတ်ချပါသည်” လို့ ရွှေကြိုမောင်မယ်များက ပြောထားပါတယ်။

၂၀၂၀ အကယ်ဒမီ ရွှေကြိုမောင်မယ်များဟာ ပြည်သူများက ရွေးချယ်ထားတဲ့ ပြည်သူရွေးချယ် ရွှေကြိုမောင်မယ်များ ဖြစ်တာကြောင့် ပြည်သူများနဲ့ တသားတည်း ရပ်တည်တယ်လို့ သိရပါတယ်။

အလှမယ် ယွန်းဝင့်လွှာအောင် (ဓာတ်ပုံ – Yune Wint Hlwar Aung’s Facebook)

ဒါပေမဲ့ အလှမယ် ယွန်းဝင့်လွှာအောင်ကတော့ ပြည်သူနဲ့ တသားတည်း မဖြစ်ဘဲ လတ်တလော အခြေအနေများကို မျက်ကွယ်ပြုပြီး၊ အဓမ္မဘက်ကို အားပေးသော လုပ်ရပ်များကို လုပ်နေသောကြောင့် သူ့အား ရှုတ်ချကြောင်း ၂၀၂၀ ရွှေကြိုမောင်မယ်များက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကိုတော့ ၂၀၂၀ အကယ်ဒမီ ရွှေကြိုမောင်မယ်များက ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတာဖြစ်ပြီး၊ သူတို့ရဲ့ သဘောထားက တခုတည်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ယွန်းဝင့်လွှာအောင်ဟာ “Miss Now How 2017” ရရှိထားတဲ့ အလှမယ်တဦး ဖြစ်တာကြောင့် အလှမယ် အဖွဲ့အစည်း အချို့ကလည်း သူတို့ရဲ့အဖွဲ့အစည်းများမှ ရာသက်ပန် ပိတ်ပင်သွားမှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။

အလှမယ် ယွန်းဝင့်လွှာအောင်နဲ့ မော်ဒယ် ရွှေရူပါဦး

ယွန်းဝင့်လွှာအောင်ဟာ ရွှေကြို ရွေးချယ်ပွဲမှာ Final အဆင့် ပြုတ်ကျန်ခဲ့တဲ့ “Miss Equal Myanmar 2019” အလှမယ် ရွှေရူပါဦးနဲ့အတူ ပြည်သူများကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များအား သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

You may also like these stories:

ဆေးကျောင်းသူ အလှမယ် ထွန်းပုလဲရတနာ ပြန်လည် လွတ်မြောက်

“ပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားစေချင်တယ်”လို့ အနုပညာရှင်များ ဆို

“အမှောင်ခေတ်ကို ပြန်မရောက်ချင်လို့ ကျနော်တို့ လမ်းပေါ်ရောက်နေတာပါ”

Loading