“နန်းဆုတို့ သူငယ်ချင်းတွေနဲ့ တခြားအလှူရှင်တွေ စုလှူတဲ့ နာရေးအတွက် ကူငွေများကို ဒီနေ့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပေးအပ်ခဲ့ပါတယ်။ အလှူငွေ အားလုံး စုစုပေါင်း ၁၀၅ သိန်း ရရှိပါတယ်”လို့ နန်းဆုရတီစိုးက ပြောပါတယ်။
ဆန္ဒပြပွဲများအတွင်း သေနတ် ကျည်ဆံ ထိမှန်ကာ ကျဆုံးခဲ့သူများအတွက် နာရေးကူငွေ စုစုပေါင်း ၁၀၅ သိန်း ရရှိထားပြီး၊ နန်းဆုရတီစိုးက ကူငွေများကို နာရေးအိမ်များသို့ ကိုယ်တိုင်ကိုယ်ကျ အသီးသီး သွားရောက် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီနေ့မှာ လှည်ကူးက မောင်လေး ညီညီအောင်ထက်နိုင်ရဲ့ နာရေးအတွက် ၁၁ သိန်း၊ တောင်ဒဂုံက ကိုဟိန်းထွဋ်အောင်ရဲ့ နာရေးအတွက် ၁၂ သိန်း၊ လှိုင်သာယာက ဆရာမ ဒေါ်တင်နွဲ့ရီရဲ့ နာရေးအတွက် ၁၁ သိန်းကို ကိုယ်တိုင် သွားရောက် ပေးအပ် အားပေးစကားပြောပြီး၊ ကျိုက်ထိုမြို့မှ မောင်လေး ဇင်လင်းထက်ရဲ့ နာရေးအတွက် ၁၅ သိန်းကိုတော့ ငွေလွှဲမှတဆင့် ကူညီ ပေးအပ်ခဲ့ပါတယ်”လို့ နန်းဆုရတီစိုးက ပြောပါတယ်။
ကွယ်လွန်သူ မောင်ညီညီအောင်ထက်နိုင်၊ ကိုဟိန်းထွဋ်အောင်၊ ဆရာမ ဒေါ်တင်နွဲ့ရီနဲ့ ကိုဇင်လင်းထက်တို့ရဲ့ နာရေးအတွက် ကူငွေများကို အသီးသီး ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း နောက်ရက်တွေမှာ အခြား ကျန်ရှိသူများကို ဆက်သွယ်ကာ ကူညီပေးအပ်သွားမယ်လို့ ဆိုပါတယ်။
“နောက်ရက်တွေမှာ တခြားသူများကို ဆက်သွယ် ကူညီပေးအပ် သွားပါ့မယ်ရှင့်။ ပါဝင် ကုသိုလ်ယူကြသော အလှူရှင်များနဲ့ သူငယ်ချင်းများအားလုံးကို လေးစားဂုဏ်ယူ ကျေးဇူးတင်ပါတယ်”လို့ နန်းဆုရတီစိုးက ပြောပါတယ်။
အဆိုပါ အကြောင်းအရာများကို နန်းဆုရတီစိုးက သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကတဆင့် မျှဝေထားတာ ဖြစ်ပြီး၊ အသက်ပေးသွားခဲ့တဲ့ သူရဲကောင်း ပြည်သူများအားလုံးကို လေးစား ဦးညွှတ်ကြောင်း ဆိုထားပါတယ်။
“အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်း ပြည်သူများအားလုံးကို လေးစား ဂုဏ်ယူ ဦးညွှတ်ပါတယ်။ ကျန်ရစ်သူ မိသားစုများကို နန်းဆုတို့ တတ်နိုင်တဲ့ဘက်ကနေ ဆက်စောင့်ရှောက် ကူညီသွားပါ့မယ်ရှင့်”လို့ နန်းဆုရတီစိုးက ဆိုပါတယ်။
သရုပ်ဆောင် နန်းဆုရတီစိုးကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အနုပညာရှင်၊ ပြည်သူတဦး အနေနဲ့ တတပ်တအား ပါဝင် ဆောင်ရွက်နေပြီး၊ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကိုလည်း ထောက်ခံသူ တဦး ဖြစ်ပါတယ်။
You may also like these stories:
ဆန္ဒပြပွဲအတွင်း ကွယ်လွန်သွားသူတွေအတွက် စုပေါင်း လှူဒါန်းပေးတဲ့ ချယ်ရီသင်း
CDM မှာ ပူးပေါင်းကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ မင်းမော်ကွန်း
“CDM ကို သတ္တိရှိရှိ လုပ်ကြရအောင်”လို့ အဆိုတော် မီးနို ပြော