စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများ အားလုံးကို ပြည်သူလူထုက မသုံးစွဲဘဲ Boycott (သပိတ်မှောက်ခြင်း) ၊ လူအချင်းချင်း Social Punishment (လူမှုရေးပြစ်ဒဏ် ပေးခြင်း) များ လုပ်ဖို့ တောင်းဆိုခံရတဲ့ထဲမှာ စစ်တပ်အသိုင်းအဝိုင်းမှ မျိုးဆက်ဖြစ်တဲ့ နေခြည်ဦးလည်း တဦး အပါအဝင် ဖြစ်လာပါတယ်။
လက်ရှိမှာတော့ ယခင်က နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်လျက်ရှိတဲ့ Brand များက သူနဲ့ မပတ်သက်တော့ကြောင်း၊ ကြော်ငြာ ခဏတာ တွဲရိုက်တာဖြစ်တဲ့ အကြောင်းနဲ့ သံတမန်အဖြစ် လက်တွဲဖြုတ်တဲ့အကြောင်းများကို ပြည်သူလူထု သိရှိရန် ကြေညာခဲ့ပါတယ်။
နေခြည်ဦး Brand Ambassador အဖြစ် လုပ်ကိုင်နေတဲ့ vivo Myanmar ဖုန်းကုမ္ပဏီမှ ယနေ့၊ မတ်လ ၃ ရက်နေ့မှာ လက်တွဲဖြုတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
“vivo Myanmar သည် မနေခြည်ဦးနှင့် လက်တွဲလှုပ်ရှား ဆောင်ရွက်မှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ဂရုစိုက်အားပေးသည့် သုံးစွဲသူ မိဘပြည်သူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်” လို့ vivo Myanmar က တရားဝင် ထုတ်ပြန် ကြေညာထားပါတယ်။
နေခြည်ဦးရဲ့ Beautybynaychi Page မှ Review များစွာ ပေးလျက်ရှိတဲ့ Skincare Brand တခုဖြစ်တဲ့ Bioderma မှလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အခုလို ဖြေရှင်းခဲ့ပါတယ်။
“Bioderma သည် အရင်နှစ်များကတည်းက Social influencer များ၊ Celebrity များနှင့် တွဲလုပ်ခဲ့ဖူးသော်လည်း လက်ရှိအချိန်ထိ မည်သူ တဦးတယောက်မှ Brand Ambassador ခန့်အပ်ထားခြင်း မရှိပါ။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လျက်ရှိသော သတင်းမှားများအား မယုံကြည်ကြရန်နှင့် သတင်းမှားများကို ဆက်လက် ဝေငှခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်” လို့ ဖြေရှင်းထားပါတယ်။
Milo Myanmar ကုမ္ပဏီကလည်း စားသုံးသူများ မေးမြန်းလာတဲ့ နေခြည်ဦးနဲ့ ပတ်သက်တဲ့ မေးခွန်းများကို ပြန်လည် ဖြေကြားထားပါတယ်။
“Beautybynaychi က Milo Brand Ambassador မဟုတ်သလို ကမ်ပိန်း တခုအတွက်ပဲ ဗီဒီယိုတခု ရိုက်ဖြစ်ခဲ့ပြီး Milo Myanmar Page ရော၊ Talent Page ဘက်မှာပါ အကုန် ဖျက်ပြီးပါပြီ”လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
နောက်ထပ် နေခြည်ဦး Brand Ambassador အဖြစ် လုပ်ကိုင်နေတဲ့ Rexona Myanmar မှလည်း နေခြည်ဦးကို Brand Ambassador အဖြစ်မှ ရုတ်သိမ်းခဲ့ပြီး၊ တခြားသော တွဲဖက် လုပ်ကိုင်ဖူးတဲ့ Brand များကလည်း သူတို့ရဲ့ Page များကနေ နေခြည်ဦးရဲ့ ဓာတ်ပုံများ၊ ဗီဒီယိုများကို ဖြုတ်ချလိုက်ပါတယ်။
နေခြည်ဦးရဲ့ Facebook အကောင့်မှ Follower များဟာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ ကျဆင်းလာခဲ့ပြီးနောက် လက်ရှိမှာတော့ သူ့ရဲ့ Facebook Acount ကို Deactivate လုပ်ထားပါတယ်။ ဒါ့အပြင် Beautybynaychi Intragram အကောင့် နဲ့ Beautybynaychi Facebook Page များလည်း လူမှုကွန်ရက်မှာ ရှာဖွေလို့ မရတော့ပါ။
You may also like these stories:
ကိုယ်တိုင်ကိုယ်ကျ နာရေး အကူငွေများ သွားရောက်ပေးခဲ့တဲ့ နန်းဆုရတီစိုး
မောင်ညီညီနဲ့ ကိုဟိန်းထွဋ်အောင်ရဲ့ နာရေးကို သွားလှူခဲ့တဲ့ အဆိုတော် ပိုပို
ဆန္ဒပြပွဲအတွင်း ကွယ်လွန်သွားသူတွေအတွက် စုပေါင်း လှူဒါန်းပေးတဲ့ ချယ်ရီသင်း