စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ လုပ်ဆောင်ကြတဲ့ CDM – Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) က အထိရောက်ဆုံး လက်နက်မို့ CDM လုပ်ပေးကြပါလို့ ဒါရိုက်တာ သည်ခေတ်နေက ဆိုပါတယ်။
“ကျနော်တို့ ပြည်သူတွေမှာရှိတဲ့ တခုတည်းသော လက်နက်က CDM ပါ။ CDM ကို အဆုံးထိ လုပ်ရမယ်။ ကျနော်တို့အာဏာ ကျနော်တို့ လက်ထဲ ပြန်မရောက်မချင်း CDM လုပ်ရမယ်။ CDM တွေအတွက် နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတဲ့သူတွေလည်း ရှိပါတယ်”
“ကျနော်တို့က ဘယ်ချိန်ထိတောင့်ခံရမလဲဆို ကျနော်တို့ အာဏာ ကျနော်တို့လက်ထဲ ပြန်မရောက်မချင်းကို လုပ်ရမှာပါ။ CDM လုပ်တဲ့သူတွေက ရှေ့တန်းက လူတွေပါပဲ။ သူတို့ တောင့်ခံပေးနိုင်ဖို့ လိုပါတယ်”လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။
မျိုးဆက်သစ် လူငယ်တွေ ကြိုးစားပေးနေတာကြောင့် မကြာခင် ပန်းတိုင် ရောက်တော့မှာဖြစ်ပြီး၊ စစ်ကောင်စီက ထုတ်ပြန်တဲ့ ဥပဒေတွေကို လိုက်နာစရာအကြောင်း မရှိဘူးလို့ သည်ခေတ်နေက ဆိုပါတယ်။
“မျိုးဆက်သစ်တွေလည်း ကြိုးစားပေးနေတာကြတာ ကျနော်တို့ ပန်းတိုင် ကျနော်တို့ လက်ထဲ ပြန်ရောက်တော့မှာပါ။ မကြာတော့ပါဘူး။ စစ်ကောင်စီက ဘယ်လောက် ထုတ်ပြန်ချက်တွေ ထုတ်ထုတ် ကျနော်တို့က သူတို့ ဥပဒေလည်း မလိုက်နာတဲ့သူ၊ သူတို့ ဥပဒေကိုလည်း လိုက်နာစရာအကြောင်း မရှိဘူး”
“သူတို့ကို အသိအမှတ်ကို မပြုတဲ့အတွက်ကြောင့်မို့လို့ သူတို့သည် ကျနော်တို့ကို ဘာအမိန့်မှ ပေးလို့ရမှာ မဟုတ်ဘူး။ ကျနော်တို့ လက်ခံထားတဲ့ အစိုးရ မဟုတ်တာကြောင့် လက်ရှိ သူတို့ လုပ်နေတဲ့ သူတို့ အာဏာကိုလည်း လိုက်နာစရာ အကြောင်း မရှိဘူး”လို့ သည်ခေတ်နေက ပြောပါတယ်။
CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်ဖို့ လှုံ့ဆော်နေတဲ့ အနုပညာရှင်တွေကို ဖမ်းဆီးနေတဲ့အပေါ်လည်း သည်ခေတ်နေက အခုလို ဆိုပါတယ်။
“အနုပညာရှင်တွေကို ဖမ်းတာ လူယုတ်မာဇာတ် ခင်းတာပေါ့။ ဖမ်းခံထားရတဲ့သူတွေ အားလုံးက အမှန်တရားကို လုပ်ခဲ့ကြတာချည်းပါပဲ။ သူတို့က လူယုတ်မာအလုပ်ကို လုပ်တာပါ။ ထုတ်ပြန်ချက်တွေ ထုတ်တယ်ဆိုတာ ခြိမ်းခြောက်တာပေါ့”လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ခွန်အားတွေ ချွေတာသင့်တာ ချွေတာပြီး တော်လှန်ကြမယ်လို့ သည်ခေတ်နေက ဆိုပါတယ်။
“ကျနော်တို့ ပြည်သူတွေ ဂရုတစိုက်နဲ့ သတိလေးနဲ့ နေကြပါ။ စည်းကမ်းလေးနဲ့ သွားရမယ်။ ကျနော်တို့ အာဏာ ကျနော်တို့ လက်ထဲ ပြန်မရောက်မချင်း တော်လှန်နေရမှာ ဖြစ်တာကြောင့် ခွန်အားကိုလည်း ချွေတာသင့်ရင် ချွေတာရမယ်။ အမြဲတမ်းလည်း တက်ကြွနေရမယ်”လို့ သည်ခေတ်နေက ပြောပါတယ်။
ဒါရိုက်တာ သည်ခေတ်နေကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတ်အားသရွေ့ ပါဝင်နေသူဖြစ်ပြီး၊ အနုပညာရှင်များနဲ့အတူ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေသူ ဖြစ်ပါတယ်။
You may also like these stories:
မြန်မာဘောလုံး ပရိသတ်တွေအတွက် အားပေးစကား ပြောလိုက်တဲ့ မော်ရင်ဟို
နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လက်တွဲဖြုတ်
ကိုယ်တိုင်ကိုယ်ကျ နာရေး အကူငွေများ သွားရောက်ပေးခဲ့တဲ့ နန်းဆုရတီစိုး