ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေကို ဖမ်းဆီးချုပ်နှောင်တာဟာ မတရားသဖြင့် ဖမ်းဆီးခံရတာလို့ မင်းမော်ကွန်းက ဆိုပါတယ်။
“ကျနော် ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းက စပြီး လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်တာပေါ့။ အဓိကကတော့ နိုင်ငံရေး အရောင်အသွေး၊ ပါတီ အရောင်အသွေး၊ ပုဂ္ဂိုလ်ရေးတွေ ဘာမှ မပါပါဘူး။ ခေတ်နောက်ပြန်ဆွဲနေတဲ့ စစ်အာဏာရှင် စနစ်ကို ရွံမုန်းလို့ တော်လှန်နေတာ ဖြစ်ပါတယ်”
“အနုပညာရှင်တွေကို ဖမ်းဝရမ်း ထုတ်တာက မတရားသဖြင့် ဖမ်းဆီးခံရတာပါ။ ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေ၊ အနုပညာသမားတွေ၊ ကျောင်းသားတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော်တို့ လမ်းပေါ်ကနေလည်း ထွက်ပြီး တောင်းဆိုသလို၊ ဆိုရှယ်မီဒီယာပေါ်ကလည်း တောင်းဆိုနေပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။
အာဏာသိမ်းတာဟာ ဒီမိုကရေစီ လမ်းကြောင်းနဲ့ မညီဘဲ အာဏာသိမ်းမှုကို တိုင်းပြည်ကို သစ္စာဖောက်တယ်လို့ပဲ သတ်မှတ်တယ်လို့ မင်းမော်ကွန်းက ဆိုပါတယ်။
“ကျနော်တို့ တင်မြှောက်ထားတဲ့ တရားဝင်အစိုးရလည်း မဟုတ်ပါဘူး။ ဒီမိုကရေစီ လမ်းကြောင်းနဲ့လည်း မညီပါဘူး။ သူတို့ အာဏာသိမ်းတာကလည်း ဥပဒေနဲ့ မညီတဲ့ ပုံစံနဲ့ သိမ်းသွားတဲ့အတွက် ကျနော်တို့ အခုချိန်ထိ အစိုးရလို့လည်း မသတ်မှတ်ဘူး။ အာဏာသိမ်းတယ်လို့လည်း မသတ်မှတ်ဘူး။ တိုင်းပြည်ကို သစ္စာဖောက်တယ်လို့ပဲ သတ်မှတ်ပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။
ပြည်သူ့အစိုးရ ၅ နှစ် သက်တမ်းမှာ လက်လုပ်လက်စားကနေ သမ္မတအထိ လူတိုင်း သာတူညီမျှ အခွင့်အရေး ရခဲ့တယ်လို့ မင်းမော်ကွန်းက ဆိုပါတယ်။
“တကယ်တမ်း လူညီပြီး အားလုံးပါဝင်ကြရင်တော့ ကျနော်တို့တိုင်းပြည် အရမ်းကောင်းသွားမှာပါ။ ဒီ ၅ နှစ်ပဲ ကြည့်ပါ။ ကျနော်တို့ လူလို နေရတယ်။ လူလို ပြောခွင့်ရတယ်။ လက်လုပ်လက်စားကနေ စပြီး သမ္မတအထိ လူတိုင်း သာတူညီမျှ အခွင့်အရေးရတယ်ဗျာ။ အဲ့ဒါကို နောက်ပြန်လှည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မျိုးဆက်သစ်တွေရဲ့ အနာဂတ်တွေ ရှိတာကြောင့် ကျနော်တို့ ဆက်ပြီး တိုက်ကြပါ။ အလွှာပေါင်းစုံကနေ ပါဝင်နေကြသူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။
မင်းမော်ကွန်းက သူပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများကိုလည်း မြဝတီနဲ့ MRTV တို့ကနေ မထုတ်လွှင့်ရန် သူ့ရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။
“မြဝတီနဲ့ MRTV မိုးလုံးပြည့် မုသာဝါဒ ရုပ်မြင်သံကြားများမှ ကျနော် မင်းမော်ကွန်း ပါဝင် ရိုက်ကူးထားသော ရုပ်ရှင်၊ ဗီဒီယို အပါအဝင် မည်သည့် အနုပညာ လှုပ်ရှားမှုကိုမှ လုံးဝ (လုံးဝ) ထုတ်လွှင့် ပြသခြင်း မပြုပါရန် ပြင်းထန်စွာ သတိပေး ကြေညာအပ်ပါသည်”လို့ မင်းမော်ကွန်းက ဆိုထားပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်းဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကတည်းက လမ်းပေါ်ထွက်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့တာဖြစ်ပြီး အနုပညာရှင်၊ ပြည်သူတဦးအနေနဲ့ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပြည်သူ့ဝန်ထမ်းများ ပါဝင်လာဖို့ လှုံ့ဆော်ပေးနေသူလည်း ဖြစ်ပါတယ်။
You may also like these storeis:
“ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်မယ်၊ ပစ်ခတ်တာတွေ မလုပ်စေချင်ဘူး”
Social Punishment စာရင်းမှာ အနုပညာရှင်နဲ့ Influencer အချို့ ပါဝင်
“ပြည်သူ့အာဏာ ပြန်မရမချင်း CDM လုပ်ရမယ်”လို့ သည်ခေတ်နေ ပြော