စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ပြည်သူလူထုအား ပစ်ခတ် သတ်ဖြတ်လျက်ရှိတဲ့ စစ်အာဏာရှင်ကို ပြန်လည် တိုက်ခိုက်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ပြည်သူ့တပ် ဖွဲ့စည်းပါက စစ်မှုထမ်းရန် ပါဝင်ကြမယ်လို့ အနုပညာရှင်များက ကတိပြုထားကြပါတယ်။
“ကျနော် ရန်ရန်ချန်းသည် လိုအပ်ပါက CRPH က ဦးဆောင်ဖွဲ့စည်းရမယ့် တပ်အတွက် စစ်မှုထမ်းပေးပါမည်ဟု ကတိပြုပါတယ်”လို့ အဆိုတော် ရန်ရန်ချန်းက ပြောပါတယ်။
အဆိုတော် Rဇာနည်ကလည်း “ကျနော် Rဇာနည်သည် CRPH က ဦးဆောင် ဖွဲ့စည်းရမယ့် တပ်အတွက် စစ်မှုထမ်းပါမည်ဟု ကတိပြုပါတယ်”လို့ ဆိုပါတယ်။
အဆိုတော် ကောင်းကောင်းက “ကျနော် ကောင်းကောင်းသည် နိုင်ငံနှင့် မြန်မာပြည်တွင် နေထိုင်သော တိုင်းရင်းသားများ အားလုံးအတွက် လိုအပ်လျှင် စစ်မှုထမ်းဆောင်ရန် အသင့်ရှိပါသည်။ အစိုးရတရပ် ဖွဲ့စည်းရန် တပ် လိုအပ်ပါသည်။ ထို့ကြောင့် CRPH မှ ဦးဆောင် ဖွဲ့စည်းမယ့် တပ်မတော်အတွက် ကျနော် အသင့်ရှိပါသည်” လို့ ပြောထားပါတယ်။
အနုပညာရှင်များထဲမှ အမျိုးသားများသာမက အမျိုးသမီးများဟာလည်း စစ်မှုထမ်းဖို့အတွက် အသင့်ရှိနေကြောင်းကို ပြောထားပါတယ်။
“ကျမ မေကြည်သည် အားကစားသမား တယောက်ပါ။ ကိုယ်ခံပညာတော့ မတတ်ပေမယ့် ပေါ့ပါးသွက်လက်ပါတယ်။ သေနတ်ကို ကောင်းကောင်း ပစ်တတ်ပါတယ်။ ပစ်နည်းလည်း သေချာသင်ခဲ့ရပါတယ်။ Sniper, Rifle (Prone & Stand)၊ လိုအပ်ပါက စစ်မှုထမ်းပါမယ်။ အစိုးရဖွဲ့ရန် တပ်ရှိဖို့ လိုပါတယ်။ လိုအပ်ပါက CRPH က ဦးဆောင်ဖွဲ့စည်းရမယ့် တပ်အတွက် စစ်မှုထမ်းပါမယ်လို့ ကတိပြုပါတယ်” လို့ အဆိုတော် မေကြည်က ပြောပါတယ်။
ချမ်းမြေ့မောင်ချိုက “ကျမ ချမ်းမြေ့မောင်ချိုသည် လိုအပ်ပါက စစ်မှုထမ်းပါမည်။ အစိုးရဖွဲ့ရန် တပ်ရှိဖို့ လိုပါတယ်။ လိုအပ်ပါက CRPH က ဦးဆောင်ဖွဲ့စည်းရမယ့် တပ်အတွက် စစ်မှုထမ်းပေးပါမည်ဟု ကတိပြုပါတယ်။ အကယ်၍ စစ်မှုထမ်းအရည်အချင်း မပြည့်မီခဲ့လျှင် ဘယ်နေရာ ပါဝင်ရ၊ ရတဲ့နေရာက ပါဝင်ပါ့မယ်” လို့ ပြောထားပါတယ်။
တခြားသော အနုပညာရှင်များ၊ ပြည်သူများကလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ပြည်သူ့တပ်ဖွဲ့ ဖွဲ့မယ်ဆိုလျှင် ပါဝင်သွားမယ့်အကြောင်းကို ကတိပြုထားပါတယ်။ အခုဆိုရင် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “စစ်မှုထမ်းရန်အသင့်” ဆိုတဲ့ Hashtag ဖြင့် ပို့စ် တင်ထားသူ ၅၄,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
You may also like these stories:
နိုင်ငံ့အရေးမှာ နှုတ်ဆိတ်နေကြတဲ့ အလှမယ်များကို အလှမယ်လောက ရှုတ်ချ
ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မင်းမော်ကွန်း တောင်းဆို
“ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်မယ်၊ ပစ်ခတ်တာတွေ မလုပ်စေချင်ဘူး”