လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အာဏာရှင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာရှိတဲ့ အစိုးရခေါင်းဆောင်များထံသို့ ပိုင်တံခွန်က လူမှုကွန်ရက် စာမျက်နှာမှတဆင့် အိတ်ဖွင့်ပေးစာ တစောင် ရေးခဲ့ပါတယ်။
“မြန်မာနိုင်ငံသားတယောက်အနေနဲ့ လေးစားစွာ၊ ရိုကျိုးစွာနဲ့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ တောင်းဆိုချင်ပါတယ်။ နေ့စဉ်နေ့တိုင်းပဲ ကျနော့် အသက်ထက် ငယ်တဲ့ ပြည်သူလူထုထဲက လူငယ်လေးတွေဟာ မြန်မာနိုင်ငံရဲ့ တရားဝင် ရွေးကောက်ခံအစိုးရ CRPH က အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုကို ခံနေကြရပါတယ်” လို့ ပိုင်တံခွန်က အစချီ ရေးသားထားပါတယ်။
ဆက်လက်ပြီး “အခြားနိုင်ငံက ကလေးငယ်တွေ၊ လူငယ်တွေ အေးချမ်းစွာ၊ လွတ်လပ် ငြိမ်းချမ်း ပျော်ရွှင်စွာ နေထိုင်နေကြချိန်မှာ ကျနော်တို့နိုင်ငံက လူငယ်တွေဟာ အခြေခံ လူ့အခွင့်အရေးလေးတောင်မှ မရခဲ့ကြပါဘူး။ ဒါ့အပြင် အမှန်တရားဘက်က ရပ်တည်ကြတဲ့ လူငယ်တွေဟာ သတ်ဖြတ်ခံကြရပါတယ်။ လွတ်လပ်ခြင်းရဲ့အရိပ်အယောင်တွေ မရရှိခဲ့ကြပါဘူး။ အားလုံးသိပြီး ကြသလိုပဲ လူငယ် အများစုဟာ ပညာရေးနဲ့ ဝေးကွာခဲ့ကြတာ တလကျော် ကြာနေပြီ ဖြစ်ပါတယ်။ ဒါဟာ လုံးဝ လက်ခံနိုင်စရာ မရှိအောင် ကြေကွဲ ခံစားရပါတယ်” လို့ ဆိုပါတယ်။
ဒီအိတ်ဖွင့်ပေးစာထဲမှာတော့ တခြားသော နိုင်ငံများမှ ကလေးငယ်များ၊ လူငယ်များ လွတ်လပ်ငြိမ်းချမ်းစွာ နေထိုင်နေကြချိန်မှာ မြန်မာနိုင်ငံမှ လူငယ်များကတော့ အခြေခံ လူ့အခွင့်အရေးတောင် မရခဲ့ကြဘဲ အမှန်တရားဘက်မှ ရပ်တည်ကြတဲ့ လူငယ်များ သတ်ဖြတ်ခံနေကြရကြောင်း၊ လူငယ် အများစုဟာ ပညာရေးနဲ့ ဝေးကွာနေတာဟာ တလကျော် ကြာနေပြီဖြစ်တဲ့ အကြောင်းများ ပါရှိပါတယ်။
ဒါကြောင့် ပိုင်တံခွန့်အနေနဲ့ ကုလသမဂ္ဂနိုင်ငံများကို စစ်အာဏာရှင် လုပ်ရပ်အား ရှုတ်ချပေးရန် ၊ စစ်အာဏာရှင်ရဲ့လုပ်ရပ်များအား အရေးယူပေးရန်နဲ့ မတရား ဖမ်းဆီးခံထားရတဲ့သူတွေကို လွှတ်ပေးဖို့ တောင်းဆိုပေးရန် ရေးသားထားပါတယ်။
“ကျနော် အမှန်အတိုင်း ရိုးသားစွာ ကုလသမဂ္ဂနိုင်ငံများကို တောင်းဆိုပါတယ်။ ဒီစစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချပေးပါ။ ဝမ်းနည်းဖွယ် လုပ်ရပ်တွေအတွက် အရေးယူပေးပါ။ ပြီးတော့ မတရား ဖမ်းဆီးခံ ပြည်သူတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပေးပါ ခင်ဗျာ” လို့ ပိုင်တံခွန်က ရေးသားထားပါတယ်။
စစ်တပ်မှ အာဏာ စတင်သိမ်းခဲ့တဲ့ ရက်စကတည်းက နိုင်ငံ့အရေးကို မခံမရပ်နိုင်ဘဲ ပြည်သူများဘက်မှ ရပ်တည်ကာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ ပိုင်တံခွန်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့နဲ့ စစ်တပ်မှ လိုက်လံ ရှာဖွေ ဖမ်းဆီးဖို့ ကြိုးပမ်းနေတဲ့အကြောင်းများ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
လက်ရှိ အချိန်ထိတော့ ပိုင်တံခွန်ဟာ လုံခြုံဘေးကင်းစွာ ရှိနေပြီး မတရားတဲ့ လုပ်ရပ်များအား နိုင်ငံတကာမှ သိစေရန် ပြည်သူများဘက်မှ ရပ်တည်ပေးလျက် ရှိပါတယ်။
You may also like these stories:
တရားမဝင် နိုင်ငံခြားရေးဝန်ကြီးအား ကန့်ကွက်ဖို့ ထိုင်းပရိသတ်များကို ပိုင်တံခွန် ပြော
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လိုက်တဲ့ သရုပ်ဆောင် ပိုင်တံခွန်