စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူတွေကို ဖမ်းဆီးတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ အဆိုတော် ကောင်းကောင်းက ဆိုပါတယ်။
“ကျနော်တို့ တိုင်းသူပြည်သားတွေက တကယ်တမ်း အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်နေကြတာပါ။ တခါတလေ ပြောတာလေး ဟိုမလွတ် ဒီမလွတ် ပြောတာလေး ရှိကောင်းရှိမယ်။ ဒါလည်း တိုင်းပြည်ကို ချစ်တဲ့ စိတ်နဲ့ပြောတာပဲ ကျနော် မြင်တယ်။ ဖမ်းဆီးခံထားရတဲ့ သူတွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်ရတယ်”လို့ အဆိုတော် ကောင်းကောင်းက ပြောပါတယ်။
“နောက် ဖမ်းဝရမ်းတွေ ထုတ်တယ်။ အနုပညာသမားတွေလည်း ဖမ်းတယ်။ တကယ်ပဲ မယုံကြည်နိုင်ဘူး။ ကျနော်တို့ ဘာအမှားလုပ်နေလို့လဲ။ ကျနော်တို့ ဆန္ဒဖော်ထုတ်တာကလည်း တိုင်းပြည်ကြီးကောင်းစားဖို့၊ ပြန်လည် အေးချမ်းဖို့အတွက် စစ်မှန်သော ဒီမိုကရေစီ ရဖို့အတွက် မတရားတာ တခုကို ကျနော်တို့က အတူတကွ တိုက်ထုတ်နေကြတာလေ”
“ကျနော်တို့ ရန်ဖြစ်နေတာလည်း မဟုတ်၊ သူတို့ကိုလည်း ရန်ပြုနေတာ မဟုတ်ဘူး။ အဲ့လိုတွေ ဖမ်းဆီးတာ မတရားဘူးလို့ မြင်တယ်။ အမြန်ဆုံး ပြန်လည် လွတ်မြောက်ကြပါစေလို့ပဲ ဆုတောင်းပါတယ်”လို့ ကောင်းကောင်းက ပြောပါတယ်။
ဆန္ဒပြပွဲများအတွင်း ပစ်ခတ်မှုတွေ ရှိတဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး၊ ဒီလို အကြမ်းဖက် ဖြိုခွင်းမှုတွေ မလုပ်သင့်ဘူးလို့ ကောင်းကောင်းက ဆိုပါတယ်။
“ပစ်မိန့်တွေပေးတာ အရမ်းဆိုးသွားပြီ။ ပစ်ခံရတဲ့သူတွေကို ကြည့်ပြီး မျက်ရည်တောင် ကျမိတယ်။ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ဆန္ဒဖော်ထုတ်နေတာ သန်း ၄၀ ကျော်တယ်။ ဒီလိုလူတွေကို အကြမ်းဖက် ဖြိုခွင်းဖို့ မလုပ်သင့်ဘူးလို့တော့ ကျနော် မြင်တယ်။ ကျနော်တို့ကို ရန်သူသဖွယ် မြင်တယ်။ သူတို့နေရာ တည်မြဲဖို့ ကျနော်တို့ကို တိုက်ခိုက် ပစ်ခတ်စရာ မလိုပါဘူး”
“အမှန်တရားက တနေ့ ပေါ်လာမှာပဲ။ သူတို့ မှန်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ လုပ်လေ။ ကောင်းကောင်းမွန်မွန် တုံ့ပြန်လေ။ အာဏာရှိတိုင်း လက်နက်ရှိတိုင်း အခုလို ပစ်ခတ်တာကိုတော့ ကျနော်တို့ လုံးဝ မကြိုက်ဘူး။ ကြောက်လည်း မကြောက်ဘူး။ မကြောက်လို့ လမ်းပေါ်ထွက်လာတာ။ ဆက်လက်ပြီး တိုက်ပွဲဝင်ရမယ်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရမယ်။ ကျနော်တို့ အနာဂတ် လူငယ်တွေအတွက် ကျနော်လည်း တထောင့်တနေရာကနေ တိုက်ပွဲ ဝင်နေမှာပါ”လို့ ကောင်းကောင်းက ပြောပါတယ်။
ပြည်သူတွေ အားမလျှော့ဘဲ ဆက်လက်ပြီး တိုက်ပွဲဝင်ကြဖို့လည်း ကောင်းကောင်းက အခုလိုပဲ ဆိုပါတယ်။
“ကျနော်တို့ ယုံကြည်ချက်တခုနဲ့ လမ်းပေါ်ထွက်လာခြင်း ဖြစ်တယ်။ မတရားတာကို တိုက်ထုတ်ဖို့ လမ်းပေါ် ထွက်လာခြင်း ဖြစ်တယ်။ အနည်းနဲ့အများ ပင်ပန်းဆင်းရဲ မောပန်းမှုတွေ၊ တိုက်ခိုက်မှုတွေ ရှိကောင်းရှိပါလိမ့်မယ်။ ပြည်သူတွေ အားမလျှော့ဘဲ ဆက်လက်ပြီး တိုက်ပွဲဝင်မယ်”လို့ ကောင်းကောင်းက ပြောပါတယ်။
အဆိုတော် ကောင်းကောင်းကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တထောင့်တနေရာကနေ ပါဝင်နေသူဖြစ်ပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဂီတအနုပညာရှင်များနဲ့အတူ ပါဝင် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
You may also like these stories:
ကမ္ဘာအနှံ့က အစိုးရခေါင်းဆောင်များထံ ပိုင်တံခွန် ရေးတဲ့ အိတ်ဖွင့်ပေးစာ
“နေ့စဉ် လူအင်အားပြဖို့ အရေးကြီးတယ်”လို့ အဆိုတော် ရင်ဂို ပြေ
“အသက်ပေးလိုက်ရတဲ့ အာဇာနည်တွေအတွက် ဂုဏ်ယူတယ်”လို့ ဟဲလေး ပြော