ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရွှေမြယာ ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာရှိ၊ ဗေရိ ဥယျာဉ်ခြံကြီးမှာ ခြံစောင့်အဖြစ် လုပ်ကိုင် နေထိုင်တဲ့ ဂီတပညာရှင် ဆလိုင်းဇာလျန်း (ခ) ကိုဗစ်တာ (အသက် ၇၁ နှစ်) (Bass Guitarist, The Aces Band) ဟာ ဒီကနေ့၊ မတ်လ ၆ ရက်နေ့၊ မနက် ၄ နာရီ ၅ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
“ဆလိုင်းဇာလျန်း (Victor Raj) သည် ယနေ့ မတ်လ ၆ ရက်နေ့၊ နံနက် ၄ နာရီအချိန်တွင် ငြိမ်းချမ်းစွာ ခရစ်တော်ထံ အိပ်ပျော်သွားပြီဖြစ်ကြောင်း ဆလိုင်းဇာလျန်းအား ချစ်ခင်ကြသူ မိတ်ဆွေများအားဝမ်းနည်းစွာ အသိပေးအပ်ပါတယ်”လို့ Oxygen Music Band မှ ဘေ့စ်ဂစ်တာသမား Jim Peed က လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

ဂီတပညာရှင်ကြီး ဆလိုင်းဇာလျန်း (ခ) ကမ်ဇာလျန်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး၊ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားကာ စတူဒီယို ခေတ်ဦးကာလ ၁၉၇၀ ဝန်းကျင်ကနေ The Aces Band နဲ့အတူ နိုင်ငံကျော် ဘေ့စ်ဂစ်တာသမားတဦးအဖြစ် ထင်ရှားခဲ့သူ ဖြစ်ပါတယ်။
တသက်တာ ဂီတ ထူးချွန်ဆုရှင်ကြီး၊ The Aces Band ရဲ့ Bass Guitarist ဆလိုင်းဇာလျန်းဟာ အဆိုတော် ထူးအိမ်သင်၊ မေဆွိ၊ တူးတူးတို့ရဲ့ သီချင်းများစွာကို တီးခတ်ခဲ့သလို ဂီတအနုပညာရှင်များစွာရဲ့ လေးစားမှုကို ခံရသူတဦး ဖြစ်ပါတယ်။
“လေးစားအားကျခဲ့ရတဲ့ ဂီတပညာရှင် ဆလိုင်းဇာလျန်း (The Aces) ကွယ်လွန်သွားတဲ့အတွက် ကျန်ရစ်သော မိသားစု၊ ဂီတသမားများနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်”လို့ တေးသံရှင် ဘိုဖြူက စိတ်မကောင်းစွာ ဆိုထားပါတယ်။

“မြန်မာ့ခေတ်ပေါ် ဂီတလောက၏ မီးရှူးတန်ဆောင်သဖွယ် ဖြစ်ရုံမက ဂီတမိတ်၏ ဂုဏ်ပြုခံ ဆရာကြီးတဦးဖြစ်သော ဆရာကြီး ဆလိုင်းဇာလျန်း ( Bass Guitarist, The Aces) အသက် (၇၁) နှစ်သည် ၂၀၂၁၊ မတ်လ ၆ ရက်တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်”လို့ ဂီတမိတ် ဂီတသင်တန်းကျောင်းမှ စိတ်မကောင်းစကား ဆိုထားပါတယ်။
ကွယ်လွန်သူ ဂီတအနုပညာရှင်ကြီး ဆလိုင်းဇာလျန်း (ခ) ကိုဗစ်တာ (အသက် ၇၁ နှစ်) ကို မနက်ဖြန်၊ မတ်လ ၇ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်၊ မှော်ဘီမြို့နယ်၊ မြောက်ချောကုန်း တံတားကွေ့သုသာန်မှာ ဂူသွင်း သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။
You may also like these stories:
“နေရာတည်မြဲဖို့ ပြည်သူတွေကို ပစ်ခတ်နေစရာ မလိုဘူး”လို့ ကောင်းကောင်း ဆို
ကမ္ဘာအနှံ့က အစိုးရခေါင်းဆောင်များထံ ပိုင်တံခွန် ရေးတဲ့ အိတ်ဖွင့်ပေးစာ
ပြည်သူများအား သတ်ဖြတ်မှု ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို Dave Leduc တောင်းဆို