မြန်မာနိုင်ငံမှာ Follower အရေအတွက် အများဆုံး အနုပညာရှင်တဦးဖြစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့ ဖြစ်စဉ်အပေါ် ထိရောက်တဲ့ လုပ်ဆောင်မှု၊ တုံ့ပြန်မှု နည်းပါးတာကြောင့် ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုများစွာ ခံနေရပါတယ်။
လက်ရှိ နိုင်ငံရေးဖြစ်စဉ်အပေါ် ပြည်သူများဘက်မှ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရပ်တည်မှုဟာ အားရစရာ ကောင်းတဲ့ အခြေအနေ မဟုတ်တာကြောင့် စိုင်းစိုင်းခမ်းလှိုင်ကို Social Punishment (လူမှုရေး ပြစ်ဒဏ်) လုပ်ဖို့အတွက် ပရိသတ်များက ဆန္ဒရှိနေကြပါတယ်။
ယခု ရက်ပိုင်းမှာတော့ စိုင်းစိုင်းခမ်းလှိုင် ကြော်ငြာထားတဲ့ စီးပွားရေးလုပ်ငန်းများ၊ ကုန်ပစ္စည်းများကို ပြည်သူများက Boycott (သပိတ်မှောက်ခြင်း) လုပ်မယ်ဆိုတဲ့ ပြောစကားများကြောင့် သူနဲ့ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများဟာ လက်တွဲဖြုတ်ကြောင်းကို ဆိုရှယ်မီဒီယာများမှတဆင့် အသိပေးခဲ့ပါတယ်။
“Grab မြန်မာနဲ့ စိုင်းစိုင်းခမ်းလှိုင် လက်တွဲလုပ်ဆောင်မှုများက ၂၀၂၀၊ ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက ပြည့်မြောက်သွားပြီဖြစ်ပြီး ထပ်မံ လက်တွဲလုပ်ဆောင်ဖို့ သဘောတူညီမှုလည်း မရှိပါဘူးရှင်။ ကြော်ငြာများမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းများကိုတော့ ပြန်လည် သိမ်းဆည်းနေဆဲ ဖြစ်ပါတယ်” လို့ Grab မြန်မာက ပြောထားပါတယ်။
G-shock Myanmar က လက်ရှိအချိန်မှာ သူတို့အနေနဲ့ ဘယ် Public Figure၊ Brand Ambassador နဲ့မှ လက်တွဲ လုပ်ကိုင်နေခြင်း မရှိဘဲ လတ်တလော သတင်းများမှာ ဖော်ပြနေတဲ့ အနုပညာရှင်များနဲ့လည်း ၂၀၁၉ ခုနှစ်ကသာ နောက်ဆုံး လက်တွဲလုပ်ကိုင်ခြင်းဖြစ်ပြီး အခုအချိန်မှာတော့ ဆက်လက် လုပ်ကိုင်နေခြင်း မရှိဘူးလို့ ဆိုပါတယ်။
အော်ရီဒူး မြန်မာကလည်း စိုင်းစိုင်းခမ်းလှိုင်ကို Brand Ambassador အဖြစ် ခန့်အပ်ထားတဲ့ သက်တမ်းဟာ ကုန်ဆုံးသွားပြီဖြစ်တာကြောင့် Brand Ambassador တဦး မဟုတ်တော့ဘဲ သူနဲ့ရိုက်ကူးထားတဲ့ ကြော်ငြာများ၊ ရုပ်ပုံများကို ၂၀၂၁ နှစ်ဦးပိုင်းကတည်းက အသုံးပြုခြင်း ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း အသိပေးထားပါတယ်။
ဒါ့အပြင် Lotteria Myanmar, Step Fashion, Victor Soul ၊ ရှမ်းရွှေတောင်၊ ကိုကာကိုလာ၊ Nescafe’ ၊ ဒီကိုဂျင်၊ Gatsby စတဲ့ Brand များကလည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ကြော်ငြာ ဓာတ်ပုံများနဲ့ ဗီဒီယိုများကို အသုံးပြုခြင်း ရပ်နားထားမှာ ဖြစ်တယ်လို့ ပြည်သူများကို အသိပေးခဲ့ပါတယ်။
Samsaung Myanmar ကတော့ ပြည်သူများရဲ့တောင်းဆိုမှုကို အလေးထား ဆွေးနွေး ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ဆက်လက် စောင့်ကြည့်ဖို့အတွက် မေတ္တာရပ်ခံထားပါတယ်။
UAB ဘဏ်နဲ့ လက်တွဲလုပ်ဆောင်ထားတဲ့ Sai Sai Pay နဲ့ ပတ်သက်ပြီး Boycott လုပ်ဖို့ တောင်းဆိုထားသော်လည်း တုန့်ပြန်မှု မရှိသေးပါ။
စိုင်းစိုင်းခမ်းလှိုင်ဟာ ဆိုရှယ်မီဒီယာမှာ Follower ပေါင်း ၁၁ သန်းကျော် ရှိပြီး သူ့ရဲ့အမာခံပရိသတ်များ ကိုယ်တိုင်ဟာလည်း သူနဲ့ပတ်သက်တဲ့ Page များ၊ အကောင့်များကို unfollow ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။
You may also like these stories:
နိုင်ငံ့အရေးမှာ နှုတ်ဆိတ်နေကြတဲ့ အလှမယ်များကို အလှမယ်လောက ရှုတ်ချ
“အသက်ပေးလိုက်ရတဲ့ အာဇာနည်တွေအတွက် ဂုဏ်ယူတယ်”လို့ ဟဲလေး ပြော
Social Punishment စာရင်းမှာ အနုပညာရှင်နဲ့ Influencer အချို့ ပါဝင်