Entertainment

“မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ စစ်တပ်နဲ့ ရဲမှာလည်း တာဝန်ရှိတယ်”

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာရှင်စနစ်အား ဆန့်ကျင် ဆန္ဒပြနေတဲ့ ပြည်သူများကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်နေတဲ့အပေါ် သရုပ်ဆောင် ဥက္ကာမင်းမောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အခုလိုပဲ ပြောပါတယ်။

“မဲခိုးတာ အကြောင်းပြ စစ်အာဏာသိမ်းပြီး အပြစ်မဲ့ ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်နေတဲ့ ရဲနဲ့ စစ်သားတွေ ပြောချင်တာက အခုချိန်ထိ စစ်တပ်မှ စစ်တပ် ဖြစ်နေတဲ့သူတွေကို ပြောချင်တယ်။ စစ်သားတွေ တိုင်းပြည်အတွက် အခုချိန် လူတွေ သတ်နေတယ်။ တကယ်တမ်း စစ်သားတွေ ဒုက္ခိတ ဖြစ်ပါပြီတဲ့။ ဘာလုပ်စားမှာလဲ။ ပင်စင်က ဘယ်လောက် ရမှာလဲ”

“ခင်ဗျားတို့ အနာဂတ် ရှေ့ရေးက ဘာလဲ။ အခုချိန်မှာ တတိုင်းပြည်လုံးက စစ်တပ်နဲ့ ရဲကို ခင်ဗျားတို့ ရဲနဲ့ စစ်တပ် အသိုင်းဝိုင်းက လွဲလို့ ကျန်တဲ့သူတွေက မြင်တာနဲ့ တံတွေးနဲ့ ထွေးချင်လောက်အောင် ရွံမုန်းနေတာ။ ခင်ဗျားတို့ ရက်စက် ယုတ်မာမှုတွေကို တကမ္ဘာလုံးက မြင်နေပြီးပြီ။ ကိုယ်ချင်းစာပေးကြပါ။ မသတ်ကြပါနဲ့တော့” လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

မြန်မာနိုင်ငံကိုလည်း တခြားနိုင်ငံတွေလို တိုးတက်စေချင်တယ်လို့ ဥက္ကာမင်းမောင်က အခုလို ဆိုပါတယ်။

“မြန်မာနိုင်ငံသည် စစ်အစိုးရ လက်အောက်မှာ နှစ်ပေါင်း ၆၀ ကျော် နေခဲ့တယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် အရမ်းနှေးကွေးသွားခဲ့တယ်။ ကျနော် နယူးယောက်မှာ နေတာ ၁၁ နှစ် ရှိပြီ။ ကျနော်တို့ နိုင်ငံကိုလည်း ဒီနိုင်ငံကလိုမျိုး တိုးတက်စေချင်တယ်”

“မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီး နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးတွေ၊ Tourism ကဏ္ဍတွေ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ပြည်သူတွေကလည်း လုပ်ငန်းကိုင်ငန်းတွေ တိုးတက်ပြီးတော့ စီးပွားရေးတွေ ကောင်းလာစေချင်တာ။ အမေစု လက်ထက် ၅ နှစ်အတွင်း ကျနော်တို့ မြန်မာနိုင်ငံသည် အများကြီး ပြောင်းလဲ တိုးတက်လာခဲ့တယ်။ အခုချိန်မှာ အမှောင်ခေတ်ကို နောက်ပြန်ဆွဲမှာကို ပြန်မရောက်ပါစေနဲ့တော့”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ စစ်တပ်နဲ့ ရဲမှာလည်း တာဝန်ရှိတယ်လို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။

“စစ်တပ်တွေ၊ ရဲတွေ ကျနော်တို့ CDM မှာ ပူးပေါင်းပေးပါ။ လက်နက်အင်အား သုံးပြီးလည်း မသတ်ကြပါနဲ့တော့။ ခင်ဗျားတို့ ဒုက္ခိတဖြစ်ရင် ဒုက္ခရောက်ရင် ခင်ဗျားတို့ဘက် ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။ ရဲနဲ့ စစ်တပ်က ပြည်သူကို သတ်နေမှ ဘယ်သူ့ တိုင်ရမလဲ။ လူတစုရဲ့ စစ်အာဏာသိမ်းမှု၊ အာဏာရူးမှုကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်မှာ မသွားသင့်တဲ့ Red zone တခုအနေနဲ့ ပါဝင်သွားခဲ့ပြီ”

“အဖမ်းခံကြရတာတွေ အများကြီး၊ စစ်အစိုးရကြောင့် ကြွေလွင့်သွားတဲ့သူတွေ အများကြီး ဖြစ်နေပြီ။ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာတွေကို ကယ်တင်ဖို့ ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ အဲ့အားလုံးထဲမှာ စစ်တပ်နဲ့ ရဲတွေလည်း ပါဝင်ပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်ပေးကြပါ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေသူဖြစ်ပြီး၊ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲတွေမှာလည်း တတ်အားသရွေ့ ပါဝင်နေသူ ဖြစ်ပါတယ်။

You may also like these stories:

စိုင်းစိုင်းခမ်းလှိုင်နဲ့ လက်တွဲမှု ရပ်ဆိုင်းထားကြောင်း လုပ်ငန်းအချို့ ထုတ်ပြန်

တသက်တာ ဂီတထူးချွန်ဆုရှင်၊ Bass Guitarist ဆလိုင်းဇာလျန်း ကြွေလွှင့်

“နေရာတည်မြဲဖို့ ပြည်သူတွေကို ပစ်ခတ်နေစရာ မလိုဘူး”လို့ ကောင်းကောင်း ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading