နာရေးကူညီမှု အသင်း(ရန်ကုန်) တည်ထောင်သူ ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်) တို့ကို CDM – Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) တွင် ပါဝင်သူများအား ကူညီမှုဖြင့် စစ်ကောင်စီမှ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။
အဆိုပါ အမှုနဲ့ ပတ်သက်ပြီး မတ်လ ၃ ရက်နေ့က နာရေးကူညီမှုအသင်း (ရန်ကုန်)ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ညသန်းခေါင် အချိန်မှာ ဝင်ရောက် အကြမ်းဖက် စီးနင်းရှာဖွေခဲ့ပြီး၊ ရုံးအတွင်းရှိ ပစ္စည်းများအား ရိုက်ခွဲ ချိုးဖျက်ဆီးကာ စာရွက်စာတမ်းများကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
မြဝတီသတင်း ကြေညာမှုမှာတော့ စစ်ဆေးချက်များအရ နာရေးကူညီမှုအသင်း (ရန်ကုန်)ဟာ CDM မှာ ပါဝင်သူများကို ထောက်ပံ့ရန် ၈၈ ငြိမ်းပွင့်အပါအဝင် ပြည်တွင်းပြည်ပကုမ္ပဏီ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်စုစုပေါင်း ၄၉၈ ဦးထံမှ ဖေဖော်ဝါရီ ၁၀ ရက်မှ မတ်လ ၃ ရက်အထိ ငွေကျပ် ၆,၁၃၃ သိန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂၀,၆၇၀ ကို လက်ခံ ရရှိခဲ့ကြောင်း၊ သိန်းပေါင်း ၂ သောင်း ထည့်ဝင်သည့် FIX Deposit Bank Account ၆ ခုကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
လက်ခံ ရရှိငွေများကို ဝန်ထမ်းပေါင်း ၂၀၀၈ ဦးအထိ (ကျပ် ၁ သိန်းမှ ၂ သိန်းအထိ) သိန်း၂၈၀၀ ကျော် အား (တဦးလျှင် ကျပ် ၁ သိန်းမှ ကျပ်၂ သိန်းခန့်အထိ) စုစုပေါင်း ကျပ်သိန်းပေါင်း ၂၈၀၀ ကျော်ကို ကွန်တိန်နာ ယာဉ်မောင်းများ၊ မီးရထားဝန်ထမ်းများအား CDM အတွက် ထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်တွေအတွင်းကတော့ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်ဟာ ရဲနဲ့ စစ်တပ် မိသားစုများကို ဈာပန၊ လူနာတင်ယာဉ်၊ ဆေးကုသမှု မည်သည့် ဝန်ဆောင်မှု အကူအညီမှ ပေးအပ်မည် မဟုတ်ကြောင်း လူမှုကွန်ရက်ကတဆင့် တရားဝင် ကြေညာခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးကို မတ်လ ၃ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် အသင်းသား ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ ၂ ဦး ခေါင်းကွဲသွားကြောင်း သိရပါတယ်။
You may also like these stories:
“မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ စစ်တပ်နဲ့ ရဲမှာလည်း တာဝန်ရှိတယ်”
စိုင်းစိုင်းခမ်းလှိုင်နဲ့ လက်တွဲမှု ရပ်ဆိုင်းထားကြောင်း လုပ်ငန်းအချို့ ထုတ်ပြန်
တသက်တာ ဂီတထူးချွန်ဆုရှင်၊ Bass Guitarist ဆလိုင်းဇာလျန်း ကြွေလွှင့်