စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ဆန္ဒဖော်ထုတ်ကြတဲ့ အနုပညာရှင်များထဲမှ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပြည်သူ့ဝန်ထမ်းများ ပါဝင်ဖို့ လှုံ့ဆော်ခဲ့ကြတဲ့ နာမည်ကြီး အနုပညာရှင်အချို့ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရပါတယ်။
အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေတဲ့ သရုပ်ဆောင် ခင်လှိုင်တို့ မိသားစုကိုလည်း ဖမ်းဝရမ်း ထွက်လာတာကြောင့် မိသားစုတွေ တနေရာစီ ရှောင်နေကြရတယ်လို့ ခင်လှိုင်ရဲ့သမီး သဇင်ထူးမြင့်က သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကတဆင့် အသိပေးထားပါတယ်။
“အလှူလုပ်နေရင်း ဝရမ်းထွက်လာလို့ သဲတို့ မိသားစု တယောက် တနေရာစီ ရှောင်လိုက်ကြရပါပြီ။ အနုပညာရှင်တွေကို CDM ငွေတွေ လိမ်ပါတယ်ဆိုတဲ့ သတင်းနဲ့တကွ တင်ထားတာတွေ တွေ့နေပါတယ်။ ဝရမ်းပြေးတင် မဟုတ်၊ ငွေလိမ်သွားတဲ့သူတွေ အဆင့်ထိ အရှက်ခွဲခံနေရတာ မိုက်ရိုင်းလွန်းတယ်။ အသွေးသားထဲထိ နာတယ်”လို့ သဇင်ထူးမြင့်က ပြောပါတယ်။
လက်ရှိ မိသားစုအတွက် စိတ်ပူနေရပြီး၊ ကိုယ်တိုင်အတွက်လည်း စိတ်ပူရသလို ရှေ့တန်း ထွက်လို့ မရပေမယ့် နောက်ကွယ်ကနေ ဆက်ပြီး အတတ်နိုင်ဆုံး လုပ်သွားမယ်လို့ သဇင်ထူးမြင့်က ဆိုပါတယ်။
“လောလောဆယ်မှာ ဖေဖေရော အဆင်ပြေပါ့မလား။ ကိုကြီးအတွက်လည်း စိတ်ပူနေရတယ်။ ကိုယ်တိုင် လုံခြုံဖို့အတွက်လည်း ပူရပြန်တယ်။ ပြည်သူတွေ အားလုံးအတွက် ပူပန်နေရတယ်။ တယောက် တနေရာစီနဲ့ ဘယ်တော့များမှ မိသားစုတွေ ပြန်ဆုံခွင့်ရမှာလဲ”
“အရှေ့ထွက်လို့ မရပေမယ့်လည်း နောက်ကွယ်ကနေ ဆက်ပြီး အတတ်နိုင်ဆုံး လုပ်သွားမယ်။ လှူသွားမယ်။ အိမ်ပြန်ချင်တဲ့အတွက် အရေးတော်ပုံ အောင်ကို အောင်ရမယ်”လို့ သဇင်ထူးမြင့်က ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ စစ်တပ်မှ အာဏာ သိမ်းလိုက်တာကြောင့် ယနေ့ အချိန်ထိ နိုင်ငံတဝှမ်းမှာ ပြည်သူများ၊ အနုပညာရှင်များက အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်နေကြပါတယ်။
သရုပ်ဆောင် လူမင်း၊ သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာ ဏကြီးနဲ့ အဆိုတော် အနဂ္ဂတို့ဟာ ပုဒ်မ ၅၀၅ (က) ကြီးနဲ့ ပထမဆုံး အမှုဖွင့်ခံလိုက်ရတဲ့ အနုပညာရှင်များဖြစ်ပါတယ်။ သရုပ်ဆောင် လူမင်းကိုတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညက စစ်တပ်နဲ့ ရဲတပ်ဖွဲ့မှ တံခါးများ ဖျက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
You may also like these stories:
ဦးကျော်သူနှင့် ဇနီး ကိုယ်ကျိုးအတွက် ငွေအလွဲသုံးစား မလုပ်ကြောင်း သမီးဖြစ်သူ ဖွင့်ဟ
ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထား
“မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ စစ်တပ်နဲ့ ရဲမှာလည်း တာဝန်ရှိတယ်”