အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ရှေ့တန်းကနေ ဆန္ဒဖော်ထုတ်နေကြတဲ့ အဆိုတော် ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူး၊ ဟန်နေတာတို့ ၄ ဦးဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ စစ်အာဏာရှင်များရဲ့ အနိုင်ကျင့်မှုများ၊ ပြည်သူများရဲ့ သတ္တိရှိရှိ ဆန္ဒဖော်ထုတ်နေမှုများကို ပေါ်လွင်အောင် သီချင်း တပုဒ် ဖန်တီးခဲ့ပါတယ်။
ဒီ Lyrics Video ကိုတော့ “Headshot” လို့ နာမည်ပေးထားပြီး ဒီကနေ့ မတ်လ ၁၀ ရက်နေ့ အစောပိုင်းက ဟန်ထူးလွင်ရဲ့ Facebook အကောင့်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
“ဒီအခြေအနေမှာ ရှိတဲ့ ပစ္စည်းနဲ့ ရသလို Edit လိုက်ရလို့ နားလည်ပေးနိုင်မယ် ထင်ပါတယ်။ ကိုယ့်မှာ Footage အမိုက်စားတွေ ရှိနေရင်လည်း ကြိုက်သလို ပြန်ဆက်လို့ ရပါတယ်။ သီချင်းကိုလည်း ကြိုက်သလို ကြိုက်တဲ့ နေရာမှာ သုံးပါ။ Free to all ပါ” လို့ ကျားပေါက်က ပြောထားပါတယ်။

ဒီသီချင်းထဲမှာတော့ ပြည်သူတွေရဲ့ ကြွေးကြော်သံများကို ထည့်သွင်းထားပြီး၊ စစ်အာဏာရှင် လက်နက်ကိုင်များရဲ့ ပစ်ခတ်မှုကြောင့် လူငယ်တွေ ကာကွယ်နေရတဲ့ အကြောင်းအရာများလည်း ပါရှိပါတယ်။
“ဒီမိုကရေစီ ရရှိရေး၊ မတရားဖမ်းဆီးထားသမျှ ပြန်လွှတ်ပေး၊ ဒါဘယ်သူ့ အာဏာလဲ။ ငါတို့အာဏာပဲ။ စစ်အာဏာရှင် ကျရှုံးရေး ဒို့အရေး” စတဲ့ စာသားများ ပါရှိပါတယ်။
“Headshot” သီချင်း
ဒီသီချင်းကိုတော့ လွတ်လပ်စွာ ယူသုံးစွဲခွင့်ပြုထားပြီး ကြိုက်တဲ့ ရုပ်ကတ်များနဲ့ ပြန်ဆက်လို့ ရကြောင်းကိုလည်း ပြောထားပါတယ်။ “Headshot” သီချင်းကိုတော့ လွန်ခဲ့တဲ့ ၃ ရက်ခန့်က ကျားပေါက်တို့ ၄ ဦးဟာ သပိတ်စစ်ကြောင်းမှအပြန် Record သွင်းခဲ့တာဖြစ်ကြောင်းလည်း ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ စစ်တပ်မှ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဂီတအနုပညာရှင်များဟာ တော်လှန်ရေး သီချင်းများစွာ ဖန်တီးခဲ့ကြပြီး အဆိုပါ သီချင်းများကိုလည်း ဆန္ဒပြပွဲများမှာ စိတ်အားတက်ကြွစေရန် သီဆိုလျက် ရှိပါတယ်။